မတ် ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့ ည ၆ နာရီခန့်က လင်မယားချင်း စကားများကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားဖြင့်ထိုးသတ်မှု ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ရာ ဇနီးဖြစ်သူမှာ သေဆုံးသွားခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
မယ်လ ဒုက္ခသည်စခန်း Zone B ရပ်ကွက် ၃ တွင် နေထိုင်သည့် ကျော်ထူး ၃ဝ နှစ်နှင့် ဇနီးဖြစ်သူ ဟာဆါရာ ဘီ ၃၈ နှစ်တို့ လင်မယားချင်း စကားများကြရာတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဓားမြှောင်ဖြင့် ထိုးသတ် ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားမှုအတွင်း လာရောက်တားမြစ်ရန် ကြိုးစားခဲ့သည့် ယောက်ဖတော်စပ်သူ မောင် သောက် ၃၂ နှစ်လည်း ဓားဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု Zone B တာဝန်ခံ စောရွှေလိုင်းက ပြောသည်။
၎င်းက “ ဒီလူက အရင်က ဆေးသုံးတယ်။ ဆေးရောင်းတယ်။ ဦးနှောက်သိပ်အလုပ်မလုပ်တော့ဘူး။ သိရတာ က သူမိန်းမဆီမှာ ဆေးတောင်းသောက်တာ မရလို့ စကားများရာကနေ ဓားထိုးမှု ဖြစ်ပွားတဲ့အထိ ဖြစ်သွား တယ်။ ဇနီးကတော့ ရင်အုံတည့်တည့်မှာ ထိမှန်ပြီး သေဆုံးသွားတယ်။ လာတားတဲ့ သူ့ယောက်ဖ ကတော့ အချက်တော်တော်များများထိမှန်သွားတယ်။ သူ့ယောက်ဖကို ဆေးရုံကို ပို့ထားပေမယ့် အခြေအနေကတော့ သိပ်ကောင်းပုံမပေါ်ဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဓားထိုးမှု ကျူးလွန်သူ ကျော်ထူးအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ရန် ထိုင်းအာဏာပိုင်များ ထံသို့ လွှဲပြောင်းထားလိုက်ပြီဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ကျော်ထူးသည် ယခင်က မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်ရောင်းဝယ်မှုတို့ကြောင့် ဖမ်းဆီးအရေးယူခံခဲ့ရဖူးသူတစ်ဦးဖြစ်သလို အခင်းဖြစ်ပွားစဉ်တွင် မူးယစ်ဆေးဝါးအချို့ကိုလည်း ဖမ်းဆီးရမိသေးသည်ဟု စောရွှေလိုင်းက ဆက်ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူသတ်မှု၊ လူမှုရေးဖောက်ပြန်မှု၊ ခိုက်ရန်ဖြစ်ပွား မှုနှင့် သေကြောင်းကြံစည်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၆ခုနှစ်အတွင်း မိမိကိုယ်ကိုသေကြောင်း ကြံစည်မှု ၅၇ မှု ဖြစ်ပွားခဲ့သည်ဟု မယ်လစခန်း၏ စာရင်းအရ သိရသည်။ အဆိုပါ ဖြစ်ပွားမှုမှာ အိမ်ထောင်ရေး အဆင်မပြေမှုများ၊ စိတ်ဖိစီးမှုများ၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားမှုများ ကြောင့်သာ အများဆုံးဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅ဝ ကျော်အကွာအဝေးရှိ မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးဖြစ်ပြီး လက်ရှိ လူဦးရေ ၃၈,၉၁၆ ဦး ခိုလှုံလျှက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ၏ ၂၀၁၇ခုနှစ် ဇန်နဝါရီလ စာရင်းအရ သိရသည်။