Home သတင်း မြန်မာ့ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုတွင် အားနည်းချက်များရှိ‌နေ‌ကြောင်း မွန်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ ‌ဝေဖန်

မြန်မာ့ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုတွင် အားနည်းချက်များရှိ‌နေ‌ကြောင်း မွန်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ ‌ဝေဖန်

2197

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၇ ခုနှစ် ။ ‌စောညွန့်‌သောင်း

မြန်မာ့ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုတွင် အားနည်းချက်များရှိ‌နေသည်ဟု မွန်အမျိုးသားနိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များက ‌ဝေဖန် ‌ပြောဆို‌နေကြသည်။
ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေစဉ်အတွင်း မြန်မာပြည်‌မြောက်ပိုင်း၌ စစ်ပွဲများအပြင်းအထန်ဖြစ်ပွားရာ တိုက်ပွဲများ‌ကြောင့် ဒုက္ခသည်ပြည်သူများ ပိုမိုတိုးပွားလာပြီး လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများလည်း တိုးပွား‌နေလျှက်ရှိသည်ဟု မွန်အမျိုးသား များပါတီ ဒုတိယ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ဝေဖန်‌ပြောဆိုလိုက်သည်။

၎င်းက “ငြိမ်းချမ်း‌ရေး လုပ်တယ်။ စစ်ပွဲကလည်း ဖြစ်‌နေတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်လည်း စစ်ပွဲရပ်ဖို့ တစ်ခါမှ မ‌ပြော ဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့က အများကြီး သံသယ ဖြစ်မိပါတယ်။ အားလုံးက‌တော့ ငြိမ်းချမ်း‌ရေးကို လိုချင်တယ်။ တိုင်းရင်းသား‌တွေဆို ပိုပြီး လိုချင်ကြတာ‌ပေါ့”ဟု ‌ပြောသည်။

အဆိုပါ ဖြစ်ပွား‌နေသည့် တိုက်ပွဲများကို တပ်မ‌တော်ဘက်မှ ပစ်ခတ်တိုက်ခိုက်မှု အရင်ဦးဆုံးရပ်စဲထားကာ တိုက်ခိုက်မှုများ ချက်ချင်းရပ်မည်ဟု ကာကွယ်‌ရေး စစ်ဦးစီးချုပ်က တရားဝင် ထုတ်ပြန်‌ကြေငြာချက်ထုတ်ပြန်မှသာ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း အပစ်ရပ်စဲနိုင်မည်ဖြစ်သလို တိကျသည့် အာမခံချက်‌ပေးပါက တိုင်းရင်းသားများအဖွဲ့ဘက် ကလည်း အပစ်ရပ်စဲ‌ရေးကို လက်မှတ်ထိုးနိုင်မည်ဟု ယုံကြည်‌ကြောင်း နိုင်‌ငွေသိန်းက အကြံပြု ‌ပြောဆိုသွားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ကို လက်မှတ်ထိုးရန်အတွက် တိုက်တွန်းသည်ထက် တစ်ဘက်နှင့်တစ်ဘက် အ‌ကျေအလည်ညှိနှိုင်းအ‌ဖြေရှာပြီးမှ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ဖော်‌ဆောင်သည်သင့်သည်ဟု မွန်ပြည်နယ် ဒုတိယလွှတ်‌တော်ဥက္ကဌဖြစ်သူ ‌ဒေါက်တာ‌အောင်နိုင်ဦးက သုံးသပ်‌ပြောဆိုသည်။

“ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အားလုံးပါဝင်မှ ပြည့်စုံမယ်လို့‌တော့ မြင်တယ်။ NCA လက်မှတ် မ‌ရေးထိုးထားရ‌သေးလို့ လက်မခံဘူးဆိုရင် အဲလို‌တော့ မလုပ်သင့်ဘူး။ လက်‌တွေ့ကျတဲ့ အပြန်အလှန် ‌လေးစားမှု‌တွေ၊ နားလည်မှုယုံကြည်မှု‌တွေ တည်‌ဆောက်ပြီး‌တော့မှ ငြိမ်းချမ်း‌ရေးကို လုပ်သင့်တယ်”ဟု သူက ‌ပြောသည်။

ယင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် အပစ်မရပ်‌သေးသည့်အဖွဲ့များက နိုင်ငံ‌တော်အစိုးရနှင့် ‌ဆွေး‌နွေးညှိနှိုင်းမှုများ အဆင်‌ပြေလာလျှင် ငြိမ်းချမ်း‌ရေးလမ်းက အဆင်‌ပြေသွားမည်ဖြစ်ပြီး အကယ်၍ အကြိမ်ကြိမ် ‌ဆွေး‌နွေးညှိနှိုင်းမှုများ အဆင်မ‌ပြေပါက ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာ၌ အချိန်ကြာမြင့်နိုင်သည်ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး ‌ဒေါက်တာ မင်းနွယ်စိုးက ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ -NCCTနှင့် တစ်‌လျှောက်လုံးတွင် အတူပါဝင်‌ဆွေး‌နွေး လာခဲ့သည့် ရခိုင်တပ်မ‌တော်-AA ၊ တအာင်း(ပ‌လောင်) အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -TNLA နှင့် ကိုးကန့် MNDAA (မြန်မာအမျိုးသား ဒီမိုက‌ရေစီ မဟာမိတ် တပ်မ‌တော်)တို့ သုံးဖွဲ့ကို အစိုးရဘက်က လက်မှတ်ထိုးရန်အတွက် လက်ခံခြင်းမရှိ‌သေးဟု သိရသည်။

ထို့အပြင် နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေး မူ‌ဘောင်နှင့်ပတ်သက်ပြီး၍ NCCT နှင့် ‌ဆွေး‌နွေးရာ၌ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် သုံးပွင့်ဆိုင်စနစ်ဖြင့်ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက ‌တောင်းဆိုထားခြင်းဖြစ်သည်။ ၎င်း သုံးပွင့်ဆိုင်မှာ အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်တို့မှ တစ်စု၊ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုတို့မှ တစ်စု၊ နိုင်ငံ‌ရေးပါတီတို့မှ တစ်စု စုစု‌ပေါင်း ၃ စုတို့ဖြစ်သည်။

အဆိုပါ ‌တောင်းဆိုချက်ကို ‌နောက်ပိုင်းတွင် အစိုးရဘက်မှ လက်မခံသဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေး လိုလားမှုမျိုးမဟုတ်၍ ထိုအပစ်ရပ်စဲ‌ရေးစာချုပ်တွင် လက်မှတ်မထိုးခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ -NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ကျင်းပပြီးဖြစ်သည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ‌ကေအိုင်စီ သတင်းဌာနနှင့် ‌တွေ့ဆုံ‌မေးမြန်းခန်းတွင် ‌ပြောကြားခဲ့သည်။