စ’မေ့ဖန်း
(နိုဝင်ဘာ ၂၊ ၂၀၁၆)
ယနေ့လူငယ် ကွန်ရက်အဖွဲ့များ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေး ကော်မတီများ၊ လူ ထုအခြေပြု လူမှုအဖွဲ့များသည် နိုင်ငံရေးပါတီများနှင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားမှုနေ့စွဲများ၊ မှတ်တမ်းများသည် နောင်တချိန်၌ သမိုင်းအဖြစ် တွင်ကျန်ခဲ့ပေလိမ့်မည်။
နောင်လာနောင်သားတို့၏ မှတ်သားဖွယ်ရာ ဥဒါဉ်ကျူးဘွယ်ရာ သမိုင်းမှတ်တမ်းမျိုးဆိုလျှင် တန်ဘိုးရှိလှစွာ သမိုင်းကို အခြေခံ၌ နိုင်ငံရေးလှုပ်ရှားမှုတို့ ဖြစ်ပေါ်လာရပေ၏။
နိုင်ငံရေးဆိုတာဘာလဲ
ဤအဖြေပေါ်ဝယ် ထင်မြင်ချက် အမျိုးမျိုးပေးကြ၏။
တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်တွင် မွေးဖွါးကြီးပြင်းသူများအတွက် မူနိုင်ငံရေး ဟူသည် –
အာဏာပိုင်အဖွဲ့နှင့်ပေါင်းမိလျှင် မြှောက်စားခံရသည်။
အထက်အာဏာပိုင်ကိုဆန့်ကျင်လျှင် အဖမ်းအဆီးခံရပြီး ဒုက္ခရောက်သည်။
နိုင်ငံရေးသမားသည် စားဖားသမားများဖြစ်သည်။
အထက်အာဏာပိုင် ခိုင်းတာလုပ်လျှင် ဘေးကင်းကြီးပွားတိုးတက်သည်။
နိုင်ငံရေးသမားသည် အောက်ခြေလူထုကို လှည့်မကြည့်
နိုင်ငံရေးသမားသည် ကိုယ်ကျိုးရှာသမားဖြစ်သည်။
နိုင်ငံရေးသမားသည် အာဏာပိုင်တစု၏ လုပ်ငန်းသာဖြစ်သည် စသည်ဖြင့် အဆိုးမြင်ကြပေမည်။ သူ့ခေတ်သူ့အခါက အုပ်စိုးသူ တို့၏ စနစ်အမှားနှင့် ဖိနှိပ်အုပ်ချုပ်မှုကြောင့် နိုင်ငံရေးအပေါ် အဆိုးမြင်ကြသည်မှာ မဆန်းပေ။ ယနေ့ ဒီမိုကရေစီအရွေ့ ခေတ် ပြောင်းနေပြီးဟု ပြောရမည်လား။ နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပေးခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေ အနည်းဆုံးသုံးနေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရသည်။ လွှတ်တော်ကိုယ်စားလှယ် အများစု မဲအနိုင် ရရှိသူက အစိုးရဖွဲ့ခွင့်ရလာသည်။ ဒါက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်လာ၍ လူအများလွတ်လပ်စွာ မဲပေးခွင့်ရှိပြီး မည်သူမဆို ရွေးကောက်ပွဲ ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိလာသည်။ ဤသည်မှာ ယနေ့ဖြစ်ပေါ်လာသော နိုင်ငံရေး အလှည့်အပြောင်းတခုပင်။
မြန်မာနိုင်ငံတွင် အခုထိ ရွေးကောက်ပွဲ ကော်မရှင်နိုင်ငံရေး မှတ်ပုံတင်ကြသည့် ပါတီပေါင်း (၉၄)ပါတီရှိချေပြီး ကရင်နိုင်ငံရေးပါ တီက ၅ပါတီဖြစ်သည်။ ပါတီတိုင်းတွင် မူဝါဒ ရည်ရွယ်ချက် ရှေ့လုပ်ငန်းစဉ်နှင့် ပါတီဖွဲ့စည်းပုံတို့ရှိကြပေသည်။ အများအားဖြင့် ပါတီ ခေါင်းဆောင်တို့သည် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံပြီး အနိုင်ရလျှင် လွှတ်တော်တစ်နေရာရာတွင် ဝင်ရောက်ပါ ဝင်ရခြင်း သို့မဟုတ် အစိုးရအဖွဲ့ဝန်ကြီးတနေရာရာ ရရှိခြင်းသည် နိုင်ငံရေး လုပ်သည်ဟု ခံယူကြသူက များပါသည်။
ကျနော့်အနေဖြင့် ကျနော်တို့၏ ကရင်အာဇာနည်ခေါင်းဆောင်ကြီး ထားရစ်ခဲ့သည့်ဆောင်ပုဒ်ကို လိုက်နာဆောင်ရွက်လျှင် နိုင်ငံ ရေးလုပ်သည်ဟု ထင်မြင်ယူဆပါသည်။ ကရင်အမျိုးသားနေ့ဟု သတ်မှတ်သည့် ၁၉၄၈ ဖေဖေါ်ဝါရီ (၁၁)ရက်နေ့ ကရင်လူထု လှုပ်ရှားမှုတွင် တောင်းဆိုဆန္ဒပြခဲ့သော ဆောင်ပုဒ်မှာ
(၁) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ
ယနေ့နိုင်ငံရေး ဝေါဟာရအဖြစ် ပြောရလျင် တန်းတူညီမျှခြင်းကို တောင်းဆိုခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုမရှိကြ၍ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ တစ်ပြည်ထောင် စနစ် ကျင့်သုံးခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။ ပြည်တွင်းစစ်ရှိန် မြင့်လာသဖြင့် တပ်မတော်၏ အခန်းကဏ္ဍ ကျယ်ပြန့်လာပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့သည်။ အထက်ပါ အောက်ဖိ အာဏာရှင်စနစ်၏ ဆိုးမွေကြောင့် တိုင်းပြည်ဆင်းရဲပြီး ကမ္ဘာ့ အလယ်တွင် ဖွံ့ဖြိုးမှု အနောက်ကျဆုံးအဆင့်သို့ ရောက်ခဲ့ရသည်။ ဤသည်က တိုင်းပြည်အရေး၊ တိုင်းရင်းသားအရေးကိုကြည့် လျှင် တန်းတူညီတူမှု အခွင့်အရေး မရရှိခြင်းကြောင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေနိမ့်ကျခြင်း၊ ပညာရေး ကျန်မာရေး လူမှုရေး ဆင်း ရဲနိမ့်ကျခြင်း၊ နယ်မြေဒေသဖွံ့ဖြိုးမှုမရှိခြင်း၊ အရည်အချင်းတူသော်လည်း ရာထူးအဆင့်အတန်း ကွာခြားခြင်း အဆိုးဆုံးက ကိုယ့် နယ်မြေဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရရှိခြင်းတို့ပင် ဖြစ်သည်။
ယခုထိပင် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ဖြင့် ကိုယ့်ပြည်နယ်ဝန်ကြီးချုပ်ကို ကိုယ့်ပြည်နယ်သားများက ရွေးချယ်တင်မြှောက် ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည်။ တန်းတူညီမျှမှုမရှိ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသောလူမျိုးသည် ကိုယ်ပိုင်လေယာဉ်၊ ကိုယ်ပိုင် ရွက်လှေသဘေင်္ာကြီး ကိုယ်ပိုင်အိမ်ယာ မြေယာ ပိုင်ဆိုင်၍ ချမ်းသာသုခရှိသော်လည်း သူများ၏အုပ်ချုပ်ခံဘဝဖြင့် ဂုဏ်သိက္ခာ ညှိုးနွမ်းစွာဖြင့် ရှင်သန် ရပ်တည်ရပေလိမ့်မည်။ နောက်ဆုံး မျိုးဆက်တစ်ခုလုံး အမြစ်ပါမကျန် သူများအုပ်ချုပ်ခံ နွံအတွင်း သက် ဆင်းဝင်ရောက်ကာ လူမျိုးလည်း ကွယ်ပျောက်သွားရမည့်ကိန်း ဆိုက်ပေလိမ့်မည်။
(၂) ကရင်ပြည်နယ် ချက်ချင်းပေး
နိုင်ငံရေးသဘောအရ self Determination ဟုခေါ်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တောင်းဆိုခြင်းဖြစ်သည်။ ယနေ့ တိုင်းနှင့် ပြည်နယ် (၁၄)ခုသည် ၁၉၆၂ခုနှစ် အာဏာသိမ်းသော တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အစိုးရက ပိုင်းခြားသတ်မှတ်ခဲ့သော နယ်မြေများဖြစ်သည်။ ထိုနယ်မြေများတွင် တိုင်းရင်းသားနယ်မြေဖြစ်သော ပြည်နယ် (၇)ခုမှာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်တို့၏ အမည်များဖြင့် မှည့်ခေါ်ထားသည့် ပြည်နယ်များဖြစ်သည်။
တိုင်း (၇)တိုင်းသည် ဗမာလူမျိုးစု အများစုနေထိုင်ရာ ဒေသများလိုလို ဗမာအပါအဝင် တိုင်းရင်းသားများ စုပေါင်းနေထိုင်သလိုလို ဖြင့် ပိုင်းခြားသတ်မှတ်သည်။ ကရင်ပြည်နယ်ဟု ပိုင်းခြားသတ်မှတ်ပေးသော်လည်း ဧရာဝတီတိုင်းရှိ ကရင်လူဦးရေသည် ကရင် ပြည်နယ်ရှိ လူဦးရေထက် (၃)ဆမျှ ပိုများနေသည်ကိုကြည့်လျှင် ဘာကြောင့် ဤသို့ဖြစ်ရသည်ကို အဖြေရှာမရဖြစ်ရသည်။
ရှိစေတော့ ပြောနေရေးနေရလျင် သမိုင်းပဋိပက္ခက ရှည်လျားထွေပြားလွန်းမည်။
ပကတိအရှိတရားကိုပဲ ထည့်သွင်း စဉ်းစားရပေမည်။ ကရင်ပြည်နယ်ဟု သတ်မှတ်သည့်အချိန်မှစ၍ ဤကရင်ပြည်နယ်ကို ကရင်ပြည်နယ်ရှိ ပြည်သူများက ရွေးချယ်တင်မြှောက်သည့်ခေါင်းဆောင်က အုပ်ချုပ်ခဲ့သည် မရှိခဲ့ပေ။ ကရင်လူမျိုးများ မှန်ခဲ့ သော်လည်း အထက်အာဏာပိုင်အဖွဲ့အစည်းက ရွေးချယ်တင်မြှောက်သောပုဂ္ဂိုလ် ဖြစ်နေခဲ့သည်။ ကိုယ့်ပြည်နယ်၏ရေမြေ တောတောင်သဘာဝ ဓလေ့ထုံးစံနှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကိုယ်ပိုင်အခြေခံဥပဒေဖြင့် အုပ်ချုပ်ခွင့်မရခဲ့။ အထက်ပါ လုပ်ပိုင်ခွင့်အပြည့်ရှိသူတို့သည် ကရင်လူမျိုးများမဟုတ်ခဲ့ပါ။ ကရင်အရာရှိဖြစ်စေ၊ အထက်အမိန့်ကို နာခံရသည့် ကရင်လူမျိုးဖြစ် သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသော ကရင်ပြည်နယ်သည် အထက်အမိန့်ဖြင့် ချယ်လှယ်ခံရမည်ဘေးက လွတ်မည်မဟုတ်ပေ။ ထို့ကြောင့် ကရင်ပြည်ချက်ချင်းပေး ဆောင်ပုဒ်သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်နယ်ကို တောင်းဆိုခြင်း ဖြစ်မည်။
(၃)ပြည်တွင်းစစ်အလိုမရှိ
ယနေ့ နိုင်ငံရေးအခေါ်အဝေါ်အားဖြင့် ခေတ်စားနေသော ၂၁ရာစုပင်လုံညီလာခံ ပြည်တွင်းငြိမ်းချမ်းရေး NCA၊ အမျိုးသားငြိမ်း ချမ်းရေးသဘောတူ စာချုပ် စသည်တို့သည် ကရင်အမျိုးသားလှုပ်ရှားမှုက တောင်းဆိုခဲ့သော ‘ပြည်တွင်းစစ်အလိုမရှိ’၏ အနှစ် သာရနှင့် နောက်ဆက်တွဲ အကျိုးရလာဒ်များပင်ဖြစ်သည်။ ၁၉၄၈၊ ဖေဖေါ်ဝါရီ ၁၁ရက်နေ့အထိ KNU ကို မတရားအသင်းအဖြစ် ကြေညာမှုမရှိသေးပေ။ KNU သည် ပြည်တွင်းစစ်ထဲ မပါဝင်ခဲ့သေးပေ။ ဖဆပလ အစိုးရနှင့် တိုက်နေရသည်က ဗကပ ဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်သည်။ ထိုကတည်းက ကရင်ပြည်သူတို့သည် ပြည်တွင်းစစ်ကို အလိုမရှိဘဲ ငြိမ်းချမ်းရေးကိုသာ တောင်းဆိုနေခဲ့ကြသည်။ အခြားတိုင်းရင်းသားများလည်း လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြခြင်း မရှိသေးပါ။ ဗမာ-ဗမာချင်း တိုက်ခိုက်သည့် ပြည်တွင်းစစ်သာ ရှိသေးသည်။ KNU က ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင်မှ မတရားအသင်း ကြေ ညာခံရပြီး ဖဆပလနှင့် အင်းစိန်တိုက်ပွဲတွင် စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုင်းရင်းသားအားလုံးနှင့် မငြိမ်းသေးသောစစ်မီးများ ထတောက် လောင်ကျွမ်းလျက်ရှိသည်။ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ် မချုပ်နိုင်သေး။ ဤသို့ချုပ်နိုင် အောင် မည်သည့်အချက်အလက်များ လိုအပ်၍ မည်သို့သော အထစ်အငေါ့များ ရှိနေပါသနည်း။
လက်ရှိထိုးသည့် NCA စာချုပ်သည်လည်း ငြိမ်းချမ်းရေး အစစ်လား၊ အတုလား။ မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ရန် လို အပ်ပါသနည်း။ အစိုးရနှင့် တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ကဏ္ဍ နိုင်ငံရေးပါတီများ၏ကဏ္ဍ၊ လူမှုအဖွဲ့အစည်း များ၏ကဏ္ဍတို့က အားလုံး ပါဝင်မှု၊ ပတ်သက်မှု၊ ဖြေရှင်းညှိနှိုင်းမှု၊ ဆွေးနွေးပြောဆိုမှုတို့သည် ပြည်တွင်းစစ်အလိုမရှိ ဆိုသည့် ဆောင်ပုဒ်နှင့် တစ်ထပ်ထည်းကျပါက မြန်မာပြည်ကြီး အေးချမ်းသာယာပါလိမ့်မည်။
(၄) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ
ဤဆောင်ပုဒ်သည် တိုင်းပြည်၏ အသက်သွေးကြောဖြစ်ရုံသာမက ပြည်ထောင်စုကြီး တစည်းတစ်လုံးတည်းဖြစ်သည့် ပြည် ထောင်စုစိတ်ဓါတ်ကို ဖေါ်ပြခြင်းပင် ဖြစ်ပါသည်။ တိုင်းရင်းသားအချင်းအချင်း သူ့ထက်ငါ နိုင်ထက်စီးနင်း ဗိုလ်ကျ အနိုင်ယူစိုးမိုး မှု မရှိသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖေါ်ညွန်းသောဆောင်ပုဒ်ဖြစ်ပေသည်။ ၁၉၈၈ အရေးအခင်းအပြီး အာဏာ သိမ်းအစိုးရ နအဖ၏ ဆောင်ပုဒ်ထဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း ပါသည်။ ကရင်ပြည်သူတို့က ၁၉၄၈ခုနှစ်က တည်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ကြသည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့သော အစိုးရအဆက်ဆက် က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစာစာအော်၍ ကြွေးကြော်ခဲ့သော်လည်း ယနေ့ထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မရခဲ့ပါ။ အဘယ်ကြောင့်နည်း။
(က) တိုင်းရင်းသားများ တန်းတူညီတူ အခွင့်အရေး မရရှိခဲ့သောကြောင့်
(ခ) တိုင်းရင်းသားများ ကိုယ့်မြေ ကိုယ့်ပြည် ကိုယ့်ဒေသတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိခဲ့သောကြောင့်
(ဂ) ပြည်တွင်းစစ်များ မရပ်စဲဘဲ စစ်မှန်သော ငြိမ်းချမ်းရေးမရသောကြောင့်
(ဃ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရရှိခြင်းကြောင့်ပင် ဖြစ်ပါသည်။
ထို့ကြောင့် ကရင်နိုင်ငံရေးပါတီများ၊ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်လူမှုအဖွဲ့အစည်းများအားလုံး ထားရှိရမည့် ဦးတည်ရည်မှန်းချက်မှာ ကရင်အမျိုးသားနေ့တွင် ချမှတ်ခဲ့သည့် စောဘဦးကြီး၏ ဆောင်ပုဒ်(၄)ခုကို လက်ကိုင်ထား၍ ကရင့် နိုင်ငံရေးခရီးကို ချီတက်ကြရင်း ကရင့်အနာဂတ်ကံကြမ္မာကို လက်တွဲဖန်တီးကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။



















