ဇွန် ၂ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်ကျောင်းသားကွန်ရက်(KSNG)မှ ဦးဆောင်ပြီး ကရင်လူငယ်နှီးနှောဖလှယ်ပွဲ အစီအစဉ် တစ်ရပ်ကို ဇွန်လ ၉ရက်မှ ၁၁ရက်နေ့အထိ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပိတခါ့ကျေးရွာတွင် ပြုလုပ်မည်ဟု သိရသည်။
နယ်စပ်ရှိ The Border Consortium၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)တို့၏ ပံ့ပိုးမှု ဖြင့် လက်ရှိ ကရင်ပညာရေးအခြေအနေ၊ နိုင်ငံရေး အခြေအနေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ၎င်းဒေ သရှိ ကရင်ကျောင်းသားလူငယ်များအနေဖြင့် သိရှိနားလည်ရန် ရည်ရွယ်ကာ ယင်းလူငယ်နှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ် ကြောင်း KSNG ဥက္ကဋ္ဌ စောထူးထူးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အဲဒီဒေသက အဖွဲ့စုံ ရောပြီးအုပ်ချုပ်တဲ့နယ်ဖြစ်တဲ့အတွက် ကရင်ပညာရေး၊ လတ်တလော နိုင်ငံရေး အခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို နားလည်သဘောပေါက်မှု အားနည်းတယ်။ သစ်တောတွေလည်း ကုန်သလောက်ရှိပြီ။ ဒါကြောင့် ဒါတွေကို သဘောပေါက် နားလည်အောင်၊ နောက်ပြီး သူတို့ အချင်းချင်းကြားမှာ မတူညီတဲ့ ရိုး ရာယဉ်ကျေးမှုတွေကို ဖလှယ်နိုင်ဖို့ ပြုလုပ်ရတာဖြစ်တယ်”ဟု ပြောသည်။
ထိုအစီအစဉ်ကို နယ်စပ်ရှိ KSNG အဖွဲ့ဝင်များ၊ KESAN၊ TBC တို့အပြင် နယ်မြေခံ တာဝန်ရှိသူများ၊ စာသင်ကျောင်း ၂၀ကျော်မှ ကျောင်းသားလူငယ်များနှင့် ကျောင်းဆရာ၊ဆရာမ ၈ဝဦးခန့် ပူးပေါင်းပါဝင်သွားရန် ဖိတ်ကြားထားပြီး သုံးရက်တာအတွင်း ကရင် ပညာရေး၊ နိုင်ငံရေးအခြေအနေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို အခြေခံသည့် စကားရည်လုပွဲ၊ ကျဘမ်း စကားပြောပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှု ဖလှယ်ပွဲ အစီအစဉ်များကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း KSNG က ပြောသည်။
KSNG အနေဖြင့် ယခင်က ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်သာ ပြုလုပ်ခဲ့ကြပြီး အစိုးရနှင့် KNU တို့အကြား အပစ်အခတ်ရပ်ပြီး နောက်ပိုင်း နိုင်ငံရေးအခြေအနေအပြောင်းအလဲကြောင့် ၂၀၁၄ခုနှစ်မှစ၍ KNU ဒူးပလာ ယာခရိုင်၊ ၂၀၁၅ခုနှစ်တွင် KNU ညောင်လေးပင်ခရိုင်တို့တွင် ယင်းကရင်လူငယ်နှီးနှောဖလှယ်ပွဲကို ပြုလုပ်ပြီးစီးခဲ့ပြီး ယခုအကြိမ် မှာ တတိယအကြိမ်မြောက်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်းပြည်ပ၌ နေထိုင်ကြသော ကရင်ကျောင်းသားလူငယ်များ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ဆက်သွယ်ကာ အတွေ့အကြုံဗဟုသုတများကို ဝေငှနိုင်ရန် ရည်ရွယ်၍ KSNG ကို ၁၉၉၆ခုနှစ်တွင် မယ်လဒုက္ခသည် စခန်း၌ ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ကရင်ကျောင်းသားလူငယ်များအရေး လှုပ်ရှားလျှက်ရှိသည်။



















