ဇွန် ၂ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ဖက်ဒရယ်စနစ် ကျင့်သုံးလာပါက ယင်းကိုဦးတည်ကာ တိုင်းရင်းသားဒေသများတွင် ကျင့်သုံးနိုင်မည့် တရားစီရင်ရေးစနစ်တခု ရေးဆွဲထားနိုင်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ပိုမိုကောင်းမွန်လာအောင် မည်သည့်အပိုင်းတွင် ပြုပြင်ပြောင်းလဲရမည်ကို ကြိုတင် ပြင်ဆင်ထားနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို Kaw Lah Foundation က ဖားအံမြို့၊ GABBANA ဟိုတယ်၌ မေလ ၃၁ရက်နေ့ တွင် ပြုလုပ်ပြီးစီးခဲ့သည်။
အဆိုပါဆွေးနွေးပွဲက မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့်အခါ လက်တွေ့ အကောင်အထည်ဖော်နိုင်စေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။
မေလ ၃ဝရက်မှစ၍ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲတွင် နိုင်ငံရေးဆိုင်ရာကိစ္စ၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ ပါရှိပြီး နိုင်ငံ ရေးဆိုင်ရာ ခေါင်းစဉ်အောက်တွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာအခန်းကဏ္ဍ ပါဝင်သောကြောင့် ဆွေးနွေးမှုရလဒ်များကို လာမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ တရားရေးဌာန တာဝန်ခံ ပဒိုစောအယ်ကလူစေးက ကေအိုင်စီသို့ ပြောသည်။
“နိုင်ငံရေးအပြောင်းအလဲမှာ တရားဥပဒေစိုးမိုးရေးလိုအပ်တဲ့အပေါ် အစိုးရဖြစ်စေ၊ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းဖြစ်စေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်ခြင်း မတူညီဘူး။ အဲဒီအပေါ်မှာ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ပညာရှင်တွေခေါ်ပြီး ဖယ်ဒရယ်နဲ့ ဆက်စပ်တဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စ၊ တရားဥပဒေပြုပြင်ပြောင်းလဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးပါတယ်”ဟု ပဒိုစောအယ်ကလူစေး က ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်က တပ်မတော်တစ်ခုတည်း ရှိရမည်ဟု ပြောဆိုထားသော ကြောင့် ဖယ်ဒရယ်စနစ်ကို ပေးရန်မလွယ်သေးကြောင်း တွေ့ရှိရသလို လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးသည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပိုင်းတွင် ဖယ်ဒရယ်ပုံစံမဆန်သည့်အပြင် တိုင်းရင်းသားအရေး ပါဝင်မှုမရှိဘဲ မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီ စီရင်နေသည့်အတွက် တရားရေးတွင် အားနည်းနေသေးကြောင်းလည်း ဆွေးနွေးပွဲတက်ခဲ့သူ ဖားအံမြို့ခံ၊ တရားလွှတ်တော် ရှေ့နေ မန်းလင်းမြတ်ကျော်က ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကေအဲန်ယူ တရားရေးဌာန၊ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင် များ၊ လူငယ်များနှင့် လူမှုအဖွဲ့စည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၇ဝဦးခန် ့တက်ရောက်ခဲ့ကြသည်။



















