ဧပြီ ၄ ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ်တွင် သကြင်္န်ပွဲတော်ကာလအတွင်း မှုခင်းကာကွယ်လျှော့ချရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပနိုင်ရန် အချက် ၂၄ချက်ပါ စည်းကမ်း ချက်ကို ဧပြီ ၁ ရက်နေ့က တံခွန်တိုင်ရဲစခန်းခန်းမ၌ ပြုလုပ်သည့် ဝင်းရော်ဒေသ ကျေးရွာအုပ်ချုပ်ရေးမှုများ ညှိနှိုင်းတွေ့ဆုံပွဲတွင် ထုတ်ပြန်လိုက်သည်။
တံခွန်တိုင်ရဲစခန်းမှ စခန်းမှူး စောမြင့်ဝင်း “ဒီသကြင်္န်ပွဲတော်ကာလမှာ မှုခင်းအန္တရာယ်ကာကွယ်လျှော့ ချနိုင်ဖို့ရယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပနိုင်ဖို့ ကျနော်တို့ အနေနဲ့ သကြင်္န်ပွဲတော်အတွက် စည်းကမ်းချက် (၂၄)ချက်ထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
နိုင်ငံတော်အလံ၊ တိုင်းရင်းသားအလံ၊ သာသနာ့အလံတို့ကို ယာဉ်ပေါ်တွင်လွှင့်ထူသွားလာခြင်းမပြုရ၊ မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းချခြင်းမပြုရ၊ တုတ်၊ ဓား၊ လက်နက်၊ ကိုင်ဆောင်ခြင်းမပြုရ၊ တာဝန်မှအပ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဝတ်စုံကို ဝတ်ဆင်သွားလာခြင်းမပြုရ စသည့် အချက်များအပါအဝင် စည်းကမ်းချက် ၂၄ချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ သကြင်္န်ကာလ စည်းကမ်းချက်များကို ရဲတပ်ဖွဲ့၊ ဝင်းရေးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ၊ ဝင်းရော်ဒေသ ကျေးရွာအုပ်ချုပ်ရေးမှုများ၏ သဘောတူညီချက်အရ ပူပေါင်းထုတ်ပြန်ထားခြင်းဖြစ်ပြီး ဝင်းရော်ဒေသသကြင်္န်ပွဲတော် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မိမိတို့၏ သက်ဆိုင်ရာကျေးရွာများအလိုက် ထုတ်ပြန်ချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဟု ဆိုသည်။
လယ်ရွာမှ လူငယ်စောငယ်ထွေးက “လူငယ်တွေကလည်း မူးယစ်သောက်စားပြီးမှ သကြင်္န် လျှောက်လည်တတ် တယ်ဆိုတော့ ဒီမှာက နှစ်တိုင်းယာဉ်တိုက်မှု ဖြစ်တယ်။ သူ့ရွာက အဖွဲ့၊ ကိုယ့်ရွာကအဖွဲ့ဆိုပြီး အလံတွေ ကိုယ်စီနဲ့လျှောက်လည်တော့ ခိုက်ရန်ဖြစ်ပွားတာလည်း နှစ်တိုင်းပဲ၊ ဒီလိုစည်းကမ်းချက်ထုတ်လိုက်တဲ့အတွက် အရင်နှစ်တွေကထက် ခိုက်ရန်ဖြစ်ပွားမှု လျော့နည်းလာမယ်။ ဒါပေမဲ့ စည်းကမ်းချက်ထုတ်ပြန်ထားတဲ့ လူတွေလည်း ကိုယ်ထုတ်ပြန်ထားတဲ့စည်းကမ်းကို မဖောက်ဖို့တော့ လိုတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဝင်းရော်ဒေသသကြင်္န်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခလယ်-တံခွန်တိုင်၊ တောင်ဒီး၊ ကျုံခဝန်၊ ထီဖိုးနိုင်နှင့် တမိုဝေါင်း စသည့် ကျေးရွာ(၁၀)ကျော်မှ ကျေးရွာအုပ်ချုပ်ရေးမှုများ၊ တံခွန်တိုင် ရဲတပ်ဖွဲ့၊ (KNU)၊ နယ်ခြားစောင့်တပ်နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များစုပေါင်းပြီး သကြင်္န်ပွဲတော်လုံခြုံရေး ကော်မတီဖွဲ့များ ဖွဲ့စည်းထားခဲ့သည်ဟု သိရသည်။
ခလယ်-တံခွန်တိုင် ဝင်းရော်ဒေသတွင် ယခင်နှစ်များက ကျင်းပခဲ့သော သကြင်္န်ပွဲတော်ကာလတွင် နှစ်စဉ်ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။



















