ဧပြီ ၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်ပညာရေးဌာန-KED သင်ရိုးညွှန်းတမ်းကို သင်ကြားနေသော ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံ ခရိုင်ရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း(၁၈)ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများအား KED ၏ သင်ရိုး ညွှန်းတမ်းဆိုင်ရာ သင်တန်းတစ်ရပ်ကို ဖားအံခရိုင်၊ မဲ့တရိဒေသတွင် မတ် ၂၂ရက်မှ ဧပြီ ၂ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့သည်ဟု သိရသည်။
ဖားအံခရိုင် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်ရှိ မက်ကမူးခီး၊ မက်ကမူး၊ သရီဖိုးကွီး၊ ကျော်သလေးခို့၊ ချောဘောခီး၊ ထီးဖာဒေးခီး၊ ဒေါ့ကကြာ၊ ထီးမူးခီး၊ ပိတခါ၊ ဖောသူ့ကျော်ဘလော၊ မယ်ကဖူးထ၊ ထီးလန်ဒို့၊ တာ့ကရက်ထီး၊ ကလန်ဒေး၊ မက်အူးထ၊ မယ်ဖိုးခို့၊ မောကွီး၊ ထီးကေးဟိ စသည့်ကျေးရွာ (၁၈)ရွာမှ ကျောင်းဆရာ၊ ဆရာမ (၄၀) ဦးအား သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်သည်ဟု KED သင်ကြားပို့ချရေးတာဝန်ခံ စောဆာနေသောက ပြောသည်။
၎င်းက “အရင် တပ်မဟာ(၇)က အရင်အခြေအနေအရဆိုရင် ကျနော်တို့ခြေမချနိုင်တဲ့အပေါ်မှာ ကျနော်တို့ရဲ့ သင်ရိုးညွန်းတမ်းကို အဲ့ဒီဘက်က ကျောင်းတွေက သင်ကြားလား မသင်ကြားလား သေချာမသိခဲ့ဘူးလေ။ အခြေအနေအရ သူတုို့ ခိုးပြီး သင်ကြားနေရတယ်။ နောက်မှ ကျနော်တို့သိရတာက ကျောင်းပေါင်း(၂၀) လောက်ရှိတယ်။ ဒီအတွက် အဲ့ကျောင်းက ဆရာတွေရဲ့ တောင်းဆိုမှုအပေါ်မှာ ကျနော်တို့က သင်တန်းပေးခြင်း ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ ကျောင်းဆရာ၊ ဆရာမများအား KED ၏ အသိအမှတ်ပြုပေးမှုနှင့် ၎င်းတို့ သင်ကြားပို့ချမှုများ ပြုရာတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာအောင်ရည်ရွယ်ပြီး သင်တန်းပေးပို့ခြင်းဖြစ်သလို လာမည့် မေလ တွင်လည်း နောက်တစ်ဆင့်အနေဖြင့် လိုအပ်သည့်သင်တန်းများကို ဆက်လက်ပို့ချပေးသွားမည်ဟုလည်း စောဆာနေသောက ဆက်ပြောသည်။
KED ၏ ပညာရေးစနစ်၌ ကရင်၊ မြန်မာ၊ အဂင်္လိပ်၊ သချင်္ာ၊ သိပ္ပံ၊ သမိုင်းနှင့် ပထဝီဝင် စသည့် ဘာသာရပ် ၇ရပ်ကိုု အဓိက သင်ကြားပေးလျှက်ရှိပြီး အလားတူ သင်ရိုးညွန်းတမ်းဆိုင်ရာ သင်တန်းပို့ချပေးခြင်းများကို KNU သထုံ၊ ညောင်လေးပင်နှင့် ဖာပွန်ခရိုင်တို့တွင် တစ်နှစ်တစ်ကြိမ် သင်တန်းပေးပို့ချပေးလျှက်ရှိသော်လည်း ဖားအံခရိုင်တွင် ပထမဆုုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု KED ပြောသည်။
ကရင်ပညာရေးဌာန KED မှာ KNU လက်အောက်ခံဌာနတစ်ခုဖြစ်ပြီး ၂၀၀ဝ ခုနှစ်မှစတင်ကာ မြန်မာပြည် အရှေ့ဘက်ခြမ်းမြို့နယ်၂၄ခု နှင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၇ခုမှ ကျောင်းသား ကျောင်းသူပေါင်း သုံးသိန်းငါးသောင်း (၃၅၀,၀၀၀)ကျော်ကို ပညာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးလျှက်ရှိသည်ဟု KED အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။



















