Home သတင်း မင်းလွင်‌တောင်ကို ကာကွယ်သွားရန် ‌ကော်မတီတစ်ရပ် ဖွဲ့စည်း

မင်းလွင်‌တောင်ကို ကာကွယ်သွားရန် ‌ကော်မတီတစ်ရပ် ဖွဲ့စည်း

2100

ဧပြီ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မင်းလွင်‌တောင်‌ခြေတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု ဆက်လက် စမ်းသပ် တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို ကာကွယ်သွားရန်အတွက် ဧပြီလ ၁၁ရက်‌နေ့က မင်းလွင် ‌တောင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။

ဥက္ကဋ္ဌအဖြစ် ‌စောစံတင်၊ ဒု-ဥက္ကဋ္ဌ ‌နော်သန်းစိန်၊ အတွင်း‌ရေးမှူး ‌နော်က‌ပေါ်‌စေး၊ တွဲဘက် အတွင်း‌ရေးမှူး ‌စောဖားတာ၊ ဘဏ္ဍာ‌ရေး မှူး ‌နော်သန္တာ‌အေး၊ စာရင်း စစ် ‌နော်‌ဖော‌နော အပါအဝင် အဖွဲ့ဝင် ၁၄ဦး ပါဝင်‌သော ‌ကော်မတီကို မွန်ပြည်နယ်၊ သထုံမြို့ မြသ ပိတ်‌တောင်‌ခြေရှိ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရား‌ကျောင်း၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယင်း‌ကော်မတီ၏ အတွင်း‌ရေးမှူးလည်းဖြစ် ‌သော မင်းလွင်ရွာသူ ‌နော်က‌ပေါ်‌စေးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီ‌ကော်မတီကို ကျမတို့ဖွဲ့တာက အခုဖြစ်‌ပေါ်‌နေတဲ့ မင်းလွင်‌တောင်ကိစ္စမှာ ကိုယ့်‌ဒေသခံ‌တွေကို ကာကွယ်ဖို့၊ ပြီး‌တော့ ဒီ‌တောင် ရဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်ထိန်းသိမ်းဖို့ပါ။ ‌ဒေသခံ‌တွေဟာ ယခင့် ယခင်က အခက်အခဲ‌တွေ ကြုံ‌နေရတဲ့အတွက် အခု အဲဒီ အခက်အခဲ‌တွေကို ထပ်မကြုံရဖို့ သူတို့ ရရှိထိုက်တဲ့ အခွင့်အ‌ရေး‌တွေ အပြည့်အဝ ရရှိဖို့နဲ့ သူတို့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရ တာ‌တွေ မှန်ကန်တဲ့ ဥပ‌ဒေ စည်းမျဉ်းစည်းကမ်းနဲ့ ပြန်လည်တုံ့ပြန်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ‌နော်က‌ပေါ်‌စေးက ‌ပြောသည်။

အဆိုပါ‌ကော်မတီသည် မင်းလွင်‌တောင် စီမံကိန်းနှင့် ပတ်သက်၍ ‌ဒေသခံရွာသူရွာသားများထံ စစ်တမ်း‌ကောက်ခံခဲ့‌သော အချက် အလက်များကို အစီရင်ခံစာတစ်‌စောင် ‌ရေးဆွဲသွားမည်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) အပါအဝင် နိုင်ငံ‌တော် သမ္မတနှင့် မွန်ပြည်နယ် အစိုးရသို့ လာမည့် ‌မေလအတွင်း ‌ပေးပို့သွားရန် ရှိသည်ဟုလည်း သိရသည်။

‌ကော်မတီ ဥက္ကဋ္ဌ ‌စောစံတင်က “ဖြူမင်းထွန်းကုမ္ပဏီက ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ဖို့ မင်းလွင်‌တောင်ကို တစ်နှစ် စမ်းသပ်ခွင့် ‌တောင်းတယ်။ အခုဆို စမ်းသပ်တာ တစ်နှစ်ပြည့်သွားပြီ။ တကယ်လို့ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ဖြစ်ရင် ‌ဒေသခံ‌တွေက သူတို့‌ဒေသရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာ စိုးရိမ်ကြတယ်။ ဒါကို သူတို့ ကန့်ကွက်ဖို့ ကျ‌နော်တို့ အကူအညီလာ‌တောင်းလို့ ကျ‌နော်တို့လည်း အခုလို ပြန်ကူညီတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

မင်းလွင်‌တောင်ကို ကာကွယ်သွားရန် ဖွဲ့စည်းလိုက်သည့် ‌ကော်မတီဝင်များတွင် လူမှု‌ရေးအတွက် လိုက်လံ‌ဆောင်ရွက်‌သော ပုဂ္ဂိုလ်များ၊ သထုံမြို့နယ် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု‌ကော်မတီနှင့် ‌ဒေသခံ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။