ဧပြီ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
မွန်ပြည်နယ်၊ သထုံမြို့နယ် မင်းလွင်တောင်ခြေတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်အပေါ် လူမှုရေးဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များပူးပေါင်း၍ ဒေသခံရွာပေါင်း ၁၄ရွာမှ ရွာသူရွာသားများကို ဧပြီလ ၉ရက်မှ ၁ဝရက်နေ့အ ထိ စစ်တမ်းကောက်ယူမှု ပြုလုပ်ပြီး ဧပြီလ ၁၁ရက်နေ့တွင် ပြန်လည်တွေ့ဆုံရှင်းလင်းခဲ့ကြသည်။
မင်းလွင်တောင်ဒေသရှိ မင်းလွင်၊ ပိန္နဲတော၊ အလယ်ရွာ၊ အင်းရွာ၊ ထီးဖိုးသေ၊ ဝမ်းဘဲအင်း၊ ပန်းသာရွာ၊ ပအိုဝ်းစု၊ မောကလိုး၊ ပုရိတ်ခို၊ ကုလားစု၊ အင်တော၊ စီဆုံနှင့် မတ်ချ ကျေးရွာများကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ် သထုံမြို့နယ်အ တွင်း လူမှုရေးဆောင်ရွက်သော ၎င်းပူးပေါင်းအဖွဲ့ ၄ခုဖွဲ့ကာ နှစ်ရက်ကြာ စစ်တမ်းကောက်ယူပြီးနောက် သထုံမြို့ မြသပိတ် တောင်ခြေ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ပြန်လည်ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။
စစ်တမ်းကောက်ယူမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် နော်အယ်ဖောဝါးက “ကိုယ့်လူထု ဒီလို အခြေအနေ ကြုံတွေ့နေရတာကို ကျမတို့မှာ လိုက်လံဆောင်ရွက် ပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီစစ်တမ်းကောက်ယူမှုကို ကျမတို့ ဆောင်ရွက်တာ ဖြစ်ပါ တယ်။ စစ်တမ်းကောက်ယူပြီး အခု ကျမတို့ အချင်းချင်း ရှင်းလင်းမှု ပြန်လုပ်ပြီး လုပ်သွားရမယ့် အရာတွေ ဆက်လုပ်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ စစ်တမ်းကောက်ယူမှု ပြုလုပ်ရာသည့်အခါ ဒေသခံများက မင်းလွင်တောင်သည် ရှေးဘိုးစဉ်ဘောင်ဆက် တည်ရှိလာပြီး လိုအပ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်၊ ဝါးနှင့် အခြား သစ်တောထွက် ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သည့်အတွက် ပျောက် ကွယ်သွားမည်ကို စိုးရိမ်နေကြပြီး ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ဒေသခံများ မလိုလားကြောင်း သူမက ဆက် ပြောသည်။

အဆိုပါ စစ်တမ်းကောက်ယူမှု၌ လူမှုရေးအတွက် လိုက်လံဆောင်ရွက်ပေးနေကြသည့် မာတာ၊ ကရင်လူငယ်ကွန်ရက်၊ KDN၊ သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူအချို့နှင့် ဒေသခံတာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး ပြန်လည်ရှင်း လင်းမှု ပြုလုပ်ရာတွင် စုစုပေါင်း လူ ၂ဝခန့် တက်ရောက်ခဲ့ကြသည်။
“ကျနော် စစ်တမ်းကောက်ယူရာမှာ မင်းလွင်တောင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးကိစ္စကို လက်မခံကြဘူး။ အရင်က လက်ခံခဲ့တဲ့ ဒေသခံတွေကလည်း အကြောင်းအရာ သေချာမသိခဲ့လိုု့ ဖြစ်တယ်။ မင်းလွင်တောင် ကိစ္စဟာ ကုမ္ပဏီဘက်ကလူ တွေ လုပ်ခဲ့လို့ ဒီလိုဖြစ်လာတာလို့ ကျနော်တို့ သိရတယ်။ ဒီတောင်ကိစ္စအပေါ် KNU နဲ့ လူထုအကြားမှာလည်း နားလည်မှုတွေ လွဲစေခဲ့ပါတယ်”ဟု စစ်တမ်းကောက်ယူမှုတွင် ပါဝင်သူ အလယ်ရွာမှ စောမိုးလင်းက ကေအိုင်စီသို့ ပြောသည်။
မင်းလွင်တောင်ခြေတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု ဆက်လက် စမ်းသပ်တိုင်းတာရေးနှင့် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ဆက်လုပ်သွားသင့်၊ မသင့် ဒေသခံလူထုများ၏ သဘောထားအမှန်ကို သိရှိနိုင်ရန် ကရင်အမျိုး သားအစည်းအရုံး(KNU)နှင့် မင်းလွင်တောင်ဒေသခံတို့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မတ်လ ၁၄ရက်နေ့က တွေ့ဆုံခဲ့ကြ သေးသည်။
မင်းလွင်တောင်ကို ဓာတ်သတ္တုစမ်းသပ်တိုင်းတာကာလအဖြစ် ၂၀၁၅ခုနှစ်၊ ဧပြီ ၂၂ရက်မှ ၂၀၁၆ ဧပြီ ၂၁ရက်နေ့အထိနှင့် ဖြစ် မြောက်နိုင်စွမ်းလေ့လာရန် ကာလအဖြစ် ၂၀၁၆ခုနှစ်၊ ဧပြီ ၂၂ရက်မှ ၂၀၁၇ခုနှစ် ဧပြီ ၂၂ရက်နေ့အထိဖြစ်ကြောင်း မြန်မာအ စိုးရ သတ္တုတွင်းဝန်ကြီးဌာနမှ ဓာတ်သတ္တုစမ်းသပ် တိုင်းတာရန်နှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာရန် ခွင့်ပြုမိန့်စာကို ပြီးခဲ့သည့်နှစ် ဧပြီ ၂၃ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။



















