ဧပြီ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
လက်ပံတောင်းတောင် အရေးဆန္ဒပြမှုဖြင့် ဖမ်းဆီးထောင်ချ ခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Karen Women Union – KWU အဖွဲ့ဝင် နော်အုန်းလှကို ယနေ ့နံနက် ၈နာရီတွင် အင်းစိန်ထောင်မှ လွှတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း သူမက ကေအိုင်စီသို ့ပြောသည်။
“အနော်ကို ဒီနေ့မနက် ၈နာရီမှာ အင်းစိန်ထောင်ကနေ အကျဉ်းထောင် ဥပဒေ ပုဒ်မ ၄၀၁၊ လွတ်ငြိမ်းသက်သာနဲ့ လွှတ်ပေး လိုက်တယ်။ တစ်နိုင်ငံလုံး ၈၃ယောက်လွှတ်တယ်။ အင်းစိန်ထောင်က ၁၆ယောက်လွှတ်တယ်။ ၁၆ယောက်ထဲမှာ အမျိုးသမီး ၅ဦး ပါတယ်။ အနော်အမှုတွဲထဲက အကုန်လုံးပြန်လွှတ်လာတယ်။ ရှေ့ဆက်ပြီး ပြည်သူတွေ နစ်နာမှုရှိတဲ့ လယ်ယာမြေကိစ္စတွေ စတာတွေကို ဆက်ကူညီလုပ်ကိုင်ပေးသွားမယ်”ဟု နော်အုန်းလှက ကေအိုင်စီသို့ ပြောသည်။
ယနေ ့မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် KWU နှင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ အင်းယားကန်ဘောင်၌ နိုင်ငံရေးအကျဉ်းသားများပြန်လည် လွှတ်မြောက်ရေးအတွက် ငါးလွှတ်ပွဲ ပြုလုပ်နေချိန် နော်အုန်းလှ အပါအဝင် နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လည်လွှတ်မြောက်လာသည်ကို ကြားသိရသဖြင့် ဝမ်းသာမိကြောင်း KWU ၏ တာဝန်ခံတဦးဖြစ်သူ နော်ဖောထူးက ကေအိုင်စီသို ့ပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် နော်အုန်းလှအနေဖြင့် ရန်ကုန်မြို့၊ အင်းယားကန်ဘောင်၌ ပြုလုပ်နေသည့် အဆိုပါ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ငါးလွှတ်ပွဲသို ့လာရောက်ပူးပေါင်း ပါဝင်နေသလို ဧပြီ ၂၂ရက်နေ့တွင် ဆင်ပေါင်ဝဲ၌ ပြုလုပ် မည့် လယ်ယာမြေ ဥပဒေ အသိပညာပေး ရှင်းလင်းပွဲသို ့သွားရောက်ရန် စီစဉ်ထားပြီးဖြစ်သည်ဟု သူမက ဆက်ပြောသည်။
လက်ရှိ အစိုးရသစ်လက်ထက် ဧပြီလ ၈ရက်နေ့တွင် တရားရုံးအသီးသီး၌ အမှုရင်ဆိုင်နေရသည့် သပိတ်မှောက် ကျောင်းသား များနှင့် ဝန်းရံပြည်သူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် စုစုပေါင်း ၉၄ဦးကို အမှုပိတ်သိမ်း လွှတ်ပေးခဲ့သလို ယနေ့နှစ်ဆန်းတစ်ရက်နေ့၌လည်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၈၃ဦးကို ယခုလို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခု ပြန်လည်လွတ်မြောက်လာသူများအထဲတွင် အင်းစိန်အကျဉ်းထောင်မှ နော်အုန်းလှနှင့်အတူ ကိုထင်ကျော်၊ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုမျိုးမင်းမင်း၊ ကိုနိုင်ဋ္ဌေးလွင်၊ ကိုသူဇော်ကြည်ဝင်း၊ ကိုနိုင်ဇော်ကြည်ဝင်း၊ ကိုဇော်မျိုးညွန့်၊ ဒေါ်လေးလေး၊ ဒေါ် စိန်ထွေး၊ ဒေါက်တာမြတ်နုခိုင်နှင့် ဒေါ်သန်းသန်းမော်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။