မတ် ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်ရှိ ရဲမှူးဦးစိန်လွင် အပါအဝင် ရဲတပ်ဖွဲ့နှင့် ပြည်နယ်တာဝန်ရှိလူကြီးများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ဆိုကာ ပုဒ်မ ၃၄(ဃ)၇၃ဖြင့် အမှုဖွင့် တိုင်ကြားခံရပြီး ဖားအံမြို့ တောင်ကလေးထောင်တွင် ၁၄ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံရ သော ဖားစည်သံ အယ်ဒီတာချုပ် ဇော်ရဲထက် ခေါ် ဇော်မင်းဦးသည် မတ်လ ၂၁ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။
ယင်းပုဒ်မဖြင့် ဖမ်းဆီးအထိန်းသိမ်းခံရသည့် ကရင်ပြည်နယ်အခြေစိုက် ဖားစည်သံ အယ်ဒီတာချုပ် ဦးဇော်ရဲထက်သည် မတ်လ ၂၁ရက်နေ့က ဖားအံမြို့မ ရဲစခန်း၊ မြို့နယ်တရားရုံးတွင် ရုံးထုတ်သည့်အခါ ဖားအံမြို့ရှိ ရဲဌာန စခန်းမှူး အာမခံပေးပိုင်ခွင့်နှင့် ရဲဌာနက အာမခံပေးကာ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။
“ရဲစခန်းမှာ ကျနော့်ကိုခေါ်ပြီး ကိုယ်ပိုင်ခံဝန် ဒါမှမဟုတ် အာမခံယူဖို့ လုပ်တယ်။ ကျနော် အပြစ်မကျူးလွန်ဘူး။ မကျူးလွန် တဲ့အတွက် ခံဝန်ကတိလည်း မထိုးဘူး။ အာမခံလည်း မယူဘူးလို့ ပြောထားတယ်။ နောက်ဆုံးတော့ သူတို့ရဲဌာနက လူကြီးတွေ ဆီ သတင်းပို့ပြီး ရဲဌာနရဲ့ စခန်းမှူး အာမခံပေးပိုင်ခွင့်နဲ့ ရဲဌာနက အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်တယ်”ဟု ဖားစည်သံ အယ်ဒီ တာချုပ် ဦးဇော်ရဲထက်က ကေအိုင်စီသို့ ပြောသည်။
ဖေဖော်ဝါရီ ၂၆ရက်က ဇော်ရဲထက်သည် ပြည်နယ်ရဲမှူး ဦးစိန်လွင် ရဲတပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကွမ်းသီးကား များကို အကောက်ခွန်မဲ့ သွားလာသယ်ယူ ဖြတ်သန်းခွင့်ပြုပြီး တရားဝင်အခွန်ဆောင် သယ်ဆောင်ရန် ခွင့်ပြုခွင့်မရသည့်သတင်း တစ်ပုဒ်ကို ဖေ့စ်ဘွတ်လူမှုကွန်စာမျက်နှာတွင် တင်မိခဲ့သည့်အတွက် ရဲက ၎င်းအား အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖားစည်သံဂျာနယ် အယ်ဒီတာချုပ် ဇော်ရဲထက်သည် ယခင်က ပြည်တွင်းသတင်း ဂျာနယ်ဖြစ်သည့် မြန်မာပို့စ်ဂျာနယ်နှင့် မြန်မာ ပို့စ်ဂလိုဘယ်သတင်းဂျာနယ်မှာ သတင်းထောက် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသလို ၂၀၁၅နိုင်ငံလုံးကျွတ်ပါတီစုံ အထွေထွေ ရွေး ကောက်ပွဲ၌လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မြန်မာတိုင်းရင်းသားကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်တွင် ဝင်ရောက်အရွေးခံခဲ့သည်။