မတ်လ ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ စောမြတ်ဦးသာ
တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြို့၌ မတ်လ ၁၉ ရက်မှ ၂ဝ ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်(SMJN) နှစ်ပတ်လည် အစည်းအဝေးနှင့် ညီလာခံတွင် ပထမ အကြိမ်ဖြင့် သတင်းပညာဆု ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာပြည်တောင်ပိုင်းရှိ သတင်းသမားများအတွက် သတင်းရေးသားရာတွင် အရည်အသွေးမြှင့်တင်ရန်နှင့် နောင်လာမည့်အချိန်တွင် သတင်းသမားကောင်းများ ပေါ်ထွန်းလာရန် ရည်ရွယ်ပြီး သတင်းပညာဆုပြိုင်ပွဲ တစ်ခုကို လုပ်ဆောင်ပေးကာ ဆုရရှိသူ ၅ဦးကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်ဟု SMJN မှ သတင်းနှင့် ပြန်ကြားရေးဖြစ်သူ ကိုကျော်စိုးက ပြောသည်။
သတင်းထောက် ၁၄ ဦးဝင်ရောက်ယှဉ်ပြိုင်သည့် ၎င်းသတင်းပညာဆုပြိုင်ပွဲ၌ စိစစ်ရွေးချယ်သည့်အခါ ပထမဆု ကိုဆက်နေလင်းအောင်(ဟသာင်္ မီဒီယာ)၊ ဒုတိယဆု ဦးတင့်လွင် (ထားဝယ်ဝပ်ချ်)၊ တတိယဆု စောညွှန့်သောင်း (ကရင်သတင်းဌာန)တို့အပါအဝင် နှစ်သိပ်ဆု ၂ ဦးတို့က အသီးသီး ဆုရရှိခဲ့ကြသည်။
တတိယဆု ရရှိသွားသူ စောညွှန့်သောင်းက “ကျနော်ဒီသတင်းကို လွန်ခဲ့တဲ့ ပထမအကြိမ် ကရင်ပြည်နယ် လွှတ်တော် ၅ နှစ်သက်တမ်းမှာ လွှတ်တော်ကျင်းပတဲ့ ခန်းမဆောင်မှာ တကြိမ်တခါမှ ဘယ်သတင်းထောက် သတင်းယူခွင့် မရခဲ့တဲ့အကြောင်းကို ဖော်ပြရေးသားတဲ့ သတင်းပါ။ ဒီသတင်းကိုလည်း ၅ နှစ်အတွင်း လိုက်ရပါ တယ်။ ဒီလိုဆုရတော့ မိခင်ဌာနဖြစ်တဲ့ KIC ကရင်သတင်းဌာနအတွက် ကျနော်ဂုဏ်ယူမိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
SMJN မှ ဦးစီးလုပ်ဆောင်သည့် ၎င်းပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း ဒေသကြီး အတွင်းရှိ သတင်းသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ စိစစ်ရေးအဖွဲ့က အဓိကအချက်(၅)နှင့်အညီ စိစစ်ရွေးချယ်ပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးဖြစ်သူ ကိုဇေယျာလှိုင်က ပြောသည်။

“သတင်းအကြောင်းအရာ တင်ဆက်မှုရှိသလား။ ပေးသတင်းလား လိုက်သတင်းလား။ သတင်းအရင်းမြစ်တွေ မျှတအောင်ပါရဲ့လား။ တိကျအောင်ဖော်ပြရဲ့လား။ သတင်းတင်ဆက်ပုံကောင်းရဲ့လား။ လူအများတွက်သက် ရောက်မှုဘယ်ရောက်ရှိလဲ။ ရှုထောင့်ကော အသစ်ဖြစ်ရဲ့လား။ ဒီ ၅ချက်ကို အခြေခံပြီးအကဲဖြတ် ၃ ဦးနဲ့အတူ အမှတ်ပေါင်းပြီး ကျနော်တို့ ဆုံးဖြတ်ကြပါတယ်”ဟု ပြောသည်။
ထားဝယ်မြို့၌ ပြုလုပ်သည့် SMJN နှစ်ပတ်လည်အစည်းအဝေးတွင် တနသာင်္ရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ မြန်မာ့သတင်းမီဒီယာကောင်စီ (MPC)နှင့် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (SMJN)အဖွဲ့စုစုပေါင်း ၁၀ဝ ဝန်းကျင်ခန့် တက်ရောက်ကြခဲ့သည်။
အစည်းအဝေးတွင် ပြောင်းလဲနေသည့်သတင်းမီဒီယာအခန်း ကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မြန်မာသတင်းသမားများ ဘေးကင်းလုံခြုံရေးဆိုင်ရာစွာ သတင်းရယူနိုင်ရေးအတွက် သိသင့်သိထိုက်သော ဆိုင်ရာ ဥပဒေများနှင့် မီဒီယာဥပဒေများအပြင် SMJN ၏ ရှေ့လုပ်ငန်းစဉ်များအတွက်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းတို့ရှိ မီဒီယာသမားအတွက် စွမ်းရည်မြှင့်သင်တန်းများ အရည်အသွေး ပိုမြင့်မားလာအောင် ရည်ရွယ်ပြီး မြန်မာနိုင်ငံတောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်(Southern Myanmar Journalist Network-SMJN)ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့သည်။



















