ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ကရင်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ရက်နေ့တွင် စတင် ပြုလုပ်မည်ဖြစ်ပြီး ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌကို ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း နေရာအများစု အနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်အား တာဝန်ပေးသွားရန် စီစဉ်ထားသည်ဟု ယင်းပါတီ၏ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က ကေအိုင်စီသို့ ယနေ့ ပြောသည်။
သူမက “ပြည်နယ်လွှတ်တော် အစည်းအဝေးကို လာမဲ့ ဖေဖော်ဝါရီ ၈ရက်နေ့မှာစမယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော် ဥက္ကဋ္ဌတွေက NLD ကပဲလေ။ ပြည်နယ်လည်း ဒီလိုပဲလာမှာပေါ့နော်။ လွှတ်တော်ဥက္ကဋ္ဌကို NLD ကပဲ ရွေးတာဝန်ပေး မယ်။ ဘယ်သူဖြစ်မလဲ ဆိုတာကတော့ ၈ရက်နေ့ စတော့မှာပဲလေ။ အဲ့ဒီကျ သိရမှာပေါ့နော်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကရင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၇မြို့နယ်မှာ ကိုယ်စားလှယ် ၁၄ဦး၊ မွန်၊ ပအိုဝ်းရေးရာကိုယ် စားလှယ် ၃ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ဦး စုစုပေါင်း ၂၂ဦးရှိမည်ဖြစ်သည်။ ၎င်းတို့အနက် NLD ပါတီမှ ၁၃ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ဦးနှင့် ကရင်ပြည်သူ့ပါတီက ၁ဦး ပါဝင်မည်ဖြစ်သည်။
ကရင်ပြည်သူ့ပါတီ-KPP ၏ သံတောင်ကြီးမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေဝင်းမြင့်က “ပြည်နယ်လွှတ်တော်အတွက်ရော အစိုးရအဖွဲ့အတွက်ပါ NLD နဲ ့တွေ့ပြီး စကားပြောထားတာတော့ မရှိဘူး။ ဒါပေမဲ့ ကိုယ်စား လှယ်အားလုံးက ကိုယ့်ပြည်နယ်သားတွေပဲလေ။ ပြည်နယ်အကျိုးအတွက် အားလုံးနဲ ့လက်တွဲလုပ်ဆောင်သွားမယ်”ဟု ကေ အိုင်စီသို့ ပြောသည်။
ပထမကြိမ် ပြည်နယ်လွှတ်တော်တွင် ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ်အများစု အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်ကိုယ်စားလှယ် စောအောင်ကျော်မင်းက တာဝန်ယူခဲ့ဖူးသလို ဒုတိယဥက္ကဋ္ဌအဖြစ် ကော့ကရိတ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ မန်းလှမြိင်က တာဝန်ယူခဲ့သည်။ ယင်းပထမ အကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့ကို ဇန်နဝါရီလ ၂၉ရက်နေ့တွင် ကျင်းပပြီးစီးသွားပြီးဖြစ်ကြောင်း သိရ သည်။



















