နိုဝင်ဘာ ၈ရက်၊ ည ၁ဝနာရီ။ ကေအိုင်စီ
ကရင်ပြည်နယ်ရှိ ဖားအံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)တွင် ယနေ့ညနေ ၄နာရီကျော်မှစ၍ မဲဆန္ဒရှင်များ မဲပေး ထားသည့် ရလဒ်များကို ရေတွက်နေဆဲဖြစ်သော်လည်း ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲရုံများတွင် ကြိုတင်မဲများ ရေတွက်ပြီးစီး သော်လည်း ဖားအံ မြို့နယ်ကော်မရှင်ရုံး၌ ၈နာရီကျော်အထိ ကြိုတင်မဲရေတွက်မှုမှာ မပြီးစီးသေးကြောင်း ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ – PSDP ၏ စောင့်ကြည့်ရေးကိုယ်စားလှယ်က ပြောသည်။
အဆိုပါကိုယ်စားလှယ် စဘီကျင်ဦးက “မြို့နယ်ကော်မရှင်ရုံးမှာတော့ ကြိုတင်မဲက ရေတွက်လို့ကို မကုန်သေးဘူး။ နိုင်ငံခြား ရောက် ကြိုတင်မဲတွေဖြစ်မလားပဲ။ ဒါပေမဲ့ ရလဒ်ကတော့ ခြသေင့်္ချည်းပဲ။ ထူးခြားတာက မဲလက်မှတ်ပေါ်က လက်ရေးတွေက တူနေကြတယ်”ဟု ကေအိုင်စီသို့ ည ၈နာရီကျော်က ပြောသည်။
အလားတူ ဖားအံမြို့ မဲဆန္ဒနယ်အမှတ်(၂)ရှိ လှာကမြင်ကျေးရွာ၌မူ ကြိုတင်မဲနှင့် ပြည်သူ့လွှတ်တော်အတွက် မဲများကို ရေတွက် ပြီးသွားသော်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မဲများကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်း ထိုနေရာသို့ ကိုယ်တိုင်သွားရောက်သတင်းယူနေသူ ကေအိုင်စီသတင်းထောက် စောညွှန့်သောင်းက ပြောသည်။
“ဒီလှာကမြင်မှာ လက်ရှိ ရေတွက်ပြီးသလောက်အထိက ဖလုံ-စဝေါ်က အားကောင်းနေတယ်။ ကြိုတင်မဲကော၊ ဒီနေ့ပေးတဲ့ ပြည်သူ့လွှတ်တော်ကိုတော့ မဲရေပြီးသွားပြီ။ ဆက်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကို ဆက်ရေတွက်နေကြ တယ်။ ကြည့်ရတာ ညဉ့်နက်ပိုင်းအထိ ရောက်သွားနိုင်တယ်”ဟု ၎င်းက သတင်းပို့သည်။
သို့သော် ဖားအံမြို့၊ အမှတ်(၃) အထက်တန်းကျောင်းဝင်းအတွင်းရှိ မဲရုံ၌မူ ကြိုတင်မဲအပြင် ပြည်သူ့လွှတ်တော်မဲများ၌ အမျိုးသ သားဒီမိုကရေစီအဖွဲ့ချုပ်-NLD က မဲများနေကြောင်း စောင့်ကြည့်သတင်းယူနေသည့် ကေအိုင်စီသတင်းထောက်တစ်ဦးက ပြော သည်။
ဖားအံမြို့နယ်အနေဖြင့် လောလောဆယ် ခြုံငုံကြည့်လျှင် မဲအများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်နေသည်ဟု စောင့်ကြည့်လေ့လာနေသည့် အရပ်ဖက်အဖွဲ့များ၊ ပါတီကိုယ်စား လှယ်များနှင့် မီဒီယာသမားများက ပြောဆိုသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲများနေသည့် မြို့နယ်များမှာ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များဖြစ် ကြောင်း ထိုဒေသတွင် သတင်းယူနေသည့် ကေအိုင်စီ နယ်မြေခံသတင်းထောက်များ၏ လက်ရှိ သတင်းပေးပို့ချက်အရ သိရသကဲ့သို့ ကြာအင်းဆိပ် ကြီးမြို့နယ်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ PSDP မှ စောတင်လှိုင်က အတည်ပြုပြောဆိုသည်။
ကော့ကရိတ်မြို့နယ် ကော်မရှင်ရုံးတွင် ည ၉နာရီအထိ ကြိုတင်မဲများကို ရေတွက်နေဆဲဖြစ်ပြီး များသောအားဖြင့် အမျိုးသား တိုး တက်ရေးပါတီက မဲများနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနည်းငယ် မဲရရှိနေသော်လည်း မြို့ပေါ် ရပ်ကွက် ၇ခုအနက် ရေတွက်ပြီးစီး ထားသည့် ရပ်ကွက်(၁)မှ (၅)အထိတွင် NLD က မဲများနေသည်ဟု သိရသည်။
ကော့ကရိတ်သတင်းများ ရယူပေးနေသူ ကေအိုင်စီသတင်းထောက် ကဆောဝါးက “ကြိုတင်မဲတွေက ကော့ကရိတ်နဲ့ ကျုံဒိုး ဘက် စစ်တပ်တွေက ရောက်လာတဲ့မဲတွေ များတယ်။ ထူးခြားတာက တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ လုံးဝ လာစောင့်ကြည့်မှု မရှိဘူး”ဟု ဆိုသည်။
သို့သော် မြဝတီမြို့ပေါ်ရပ်ကွက်များ၌ မဲရုံ ၁၇ရုံရှိသည့်အနက် မဲရုံအများစုမှာ NLD သာ လုံးဝ မဲများနေကြောင်း မြို့ခံသတင်း ထောက်များနှင့် စောင့်ကြည့်လေ့လာသူများ၏ ပြောပြချက်အရ သိရသည်။
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးက ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အ သီးသီးမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေး
ကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာမည့် မီဒီယာစင်တာဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၉ရက်နေ့၊ ၁၅းဝဝနာရီအချိန်တွင် ၎င်းတို့၏ရုံး၊ ရုံးအမှတ်(၂၂)၌ ပြုလုပ်သွားမည်ဟု ပုဂ္ဂလိက သတင်းစာ/ ဂျာနယ်နှင့် မီဒီယာများကို ယနေ့ နေ့စွဲဖြင့် ဖိတ်ကြားလိုက်သည်။



















