နိုဝင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ စောမြဦးသာ၊ စအိုင်စူး
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာရှိ အထက(ခွဲ)မဲရုံအမှတ်(၁)၌ ယနေ့နံနက်အချိန်ထိ အမျိုးသားလွှတ်တော် မဲပုံးအထိ သာ ရေတွက်မှုပြီးစီးသေးပြီး လက်ရှိ မနက် ၁ဝနာရီကျော်သည်အထိ ပြည်နယ်လွှတ်တော် မဲပုံးကိုမူ ရေတွက်နေဆဲရှိကြောင်း မဲရုံစောင့်ကြည့်နေသည့် ပါတီကိုယ်စားလှယ်များထံမှ သိရသည်။
မဲဆန္ဒရှင် ၃၀၀၀ကျော် မဲထည့်ရန်လျာထားသည့် ၎င်းမဲရုံ၏ မဲရုံအခင်းအကျင်းမှာ ကျဉ်းမြောင်းပြီး လာရောက်မဲထည့်သည့် မဲဆန္ဒရှင် များပြားလွန်းခြင်းကြောင့် မဲရုံပိတ်သိမ်းချိန် ညနေ ၄နာရီအထိ မဲထည့်မှုမပြီးဆုံးသေးဘဲ နောက်ကျရခြင်းဖြစ်သည်ဟု မဲရုံစောင့်ကြည့်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးကျော်လင်းရီက ယခုလို ပြောသည်။
“ကျနော်တို့နောက်ကျရတာက မနေ့ညနေ ၄နာရီအထိ မဲလာထည့်တာ မပြီးသေးဘူးဖြစ်နေတယ်။ မဲထည့်မှုပြီးတာနဲ့ မဲစာရင်း တွေ ပြန်စစ်တာနဲ့ စာရင်းဇယားတွေပြန်စစ်တာ အလုံးစုံပေါ့။ ညနေ ၇နာရီလောက်ကမှ မဲစပြီးရေတွက်ရတယ်။ နောက်ပြီး မဲရုံ တာဝန်ရှိသူတွေအနေနဲ့ နေကလည်းပူတာနဲ့ ပြီးတော့ မဲမမှားအောင်လို့ တဖြည်းဖြည်းချင်း ရေတွက်ရတယ်״ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယမန်နေ့ည မဲရေတွက်ရာတွင် ယနေ့မနက် ၄နာရီခွဲအချိန်အထိ အမျိုးသားလွှတ်တော်မဲပုံးမှာ ရေတွက်မှု မပြီးဆုံး သေးသဖြင့် မဲရုံတာဝန်ရှိသူများက မဲရေတွက်မှုကို ရပ်နားလိုက်ရပြီး ယနေ့နံနက် ၈နာရီမှ စတင်ကာ မဲရေတွက်မှုကို ပြန်လည် စတင် လုပ်ဆောင်နေသည်ဟု ဦးကျော်လင်းရီက ဆက်ပြောသည်။
ခလယ်ကျေးရွာတွင် မဲရေတွက်မှုပြီးဆုံးသည့် လက်ရှိ မဲရလဒ် အခြေအနေများအရ ပြည်သူ့လွှတ်တော်တွင် အမျိုသားဒီမိုကရေ စီအဖွဲ့ချုပ် -NLD ကိုယ်စားလှယ်လောင်းစောတင်ဝင်းက ဦးဆောင်အနိုင်ရရှိထားပြီး အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်-NLD မှ နော်ဆာမူးထူးမှ ဦးဆောင်လျက်ရှိသည်ဟု သိရသည်။



















