ဇွန် ၄ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
မယ်တော်ဆေးခန်း-MTC မှ ဦးဆောင်၍ လူထုအခြေပြု တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများပါဝင်သည့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်း(MCH-Maternal and Child Health Training)ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ဇွန် ၃ရက်နေ့က ဖွင့်လှစ်လိုက်သည်။
ယခုလ ဇွန် မှ စက်တင်ဘာအထိ လေးလကြာ ဖွင့်လှစ်သွားမည့် အဆိုပါသင်တန်းသည် နယ်စပ်ဒေသနှင့် ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသော ဒေသများတွင် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့ အစည်းများမှ မိခင်နှင့် ကလေးများကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “အခု သင်တန်းတက်တဲ့သူတွေဟာ အခြေခံဆေးသင်တန်း ပြီးမြောက်အောင်မြင်ထားတဲ့ ဆေးဝန်ထမ်း တွေပါ။ သင်တန်းပြီးရင် ဒီဆေးဝန်ထမ်းတွေဟာ သူတို့သက်ဆိုင်ရာအဖွဲ့အစည်းမှာ ပြန်အလုပ်လုပ်ကြမှာ ဖြစ်ပါ တယ်။ နောက်ပြီး တချို့အဖွဲ့အစည်းတွေဟာ ဝန်ထမ်းတွေ ထွက်သွားတာ ရှိတယ်။ အဲဒီထွက်သွားနေတဲ့ သူတွေရဲ့နေရာကို ဒီသင်တန်းသူ သင်တန်းသားတွေနဲ့ ပြန်အစားထိုးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။
ယင်းသင်တန်းသို့ မယ်တော်ဆေးခန်း(MTC)၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း(BMA)၊ ကရင်ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာန(KDHW)၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)နှင့် Burma Based Health Service စသော အဖွဲ့အစည်းများမှ ကိုယ်စားပြုတိုင်းရင်းသား သင်တန်းသူ၊ သင်တန်းသား ၄၃ဦး တက်ရောက်မည်ဖြစ်သည်ဟု သိရသည်။
BPHWT ကိုယ်စားပြုအဖြစ် သင်တန်းတက်ရောက်နေသည့် ရှမ်း(သျှမ်း)တိုင်းရင်းသူ နန်းမို့မို့အောင်က “ကျမအနေနဲ့ ဒီသင်တန်းကို ဝါသနာနဲ့ စိတ်ဝင်စားမှုအရ တက်ရောက်ခြင်းဖြစ်တယ်။ နောက်ပြီး ဒေသခံ လူထုတွေကို MCH နဲ့ ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျနဲ့ ထိရောက်စွာ လုပ်ဆောင် ပေးနိုင်ဖို့နဲ့ ကျန်းမာရေးဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သင်တန်းတွင် ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်မှု၊ မိသားစုးစီမံကိန်းများ၊ သားဖွားခြင်းနှင့် ၅နှစ်အောက် ကလေးများကို စောက်ရှောက်ပေးနိုင်သော သီအိုရီပိုင်းဆိုင်ရာသင်ခန်းစာများ၊ လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ စသည်တို့ကို သင်တန်းဆရာ ၄ဦးဖြင့် သင်ကြားပို့ချပေးမည်ဖြစ်သည်ဟု သိရသည်။
MCH သင်တန်းကို ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်မှစ၍ စတင်ဖွင့်လှစ်ကာ မယ်တော်ဆေးခန်း-MTC အနေဖြင့် ၂၀၁၄ ခုနှစ်က ပထမအကြိမ်အဖြစ် တာဝန်ယူဖွင့်လှစ်ပေးခဲ့ဖူးပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် တာဝန်ယူ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။



















