Home သတင်း အပစ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ ပြန်စရန် စီစဉ်‌နေ‌သော်လည်း ရက်အတိကျ မသတ်မှတ်နိုင်

အပစ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ ပြန်စရန် စီစဉ်‌နေ‌သော်လည်း ရက်အတိကျ မသတ်မှတ်နိုင်

1928

ပဒို‌စောကွယ်ထူးဝင်း

ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးလုပ်ငန်း ‌ကော်မတီ (UPWC)တို့အကြား (၇)ကြိမ်‌မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး‌ဆွေး‌နွေးပွဲ ပြန်စနိုင်ရန် စီစဉ်‌နေ‌သော် လည်း ရက်အတိအကျ သတ်မှတ်နိုင်ခြင်း မရှိခဲ့ဟု ဇန်နဝါရီ ၂၁ ‌နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ညှိနှိုင်းပွဲတွင် NCCT အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

“ကျ‌နော်တို့ဘက်က ‌ခေါင်း‌ဆောင်တချို့က မအားမလပ်တဲ့အတွက် ရက်အတိအကျကို ‌နောက်မှ ပြန်သတ်မှတ် မယ်။ အ‌စောဆုံး၊ အတတ်နိုင်ဆုံးက‌တော့ ကျ‌နော်တို့ သတ်မှတ်သွားမယ်။ ‌လော‌လောဆယ် စာချုပ်တစ်ခုလုံး ကို ကုန်သ‌လောက် ညှိနှိုင်းလို့ရပါပြီ၊ တချို့အချက်‌တွေကျ‌တော့ နှစ်ဖက်စလုံး သ‌ဘောတူညီမှုရရှိဖို့ ဆက်လက်ညှိနှိုင်းသွားမယ်”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် စက်တင်ဘာလ ကတည်းက ရပ်နားထား‌သော (NCCT)နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးလုပ်ငန်း ‌ကော်မတီ(UPWC)တို့ အပစ်ရပ်‌ရေး ‌ဆွေး‌နွေးပွဲကို ပြန်စနိုင်ရန် NCCT အဖွဲ့မှ ပဒို‌စောကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွန်‌မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် မြန်မာငြိမ်းချမ်း‌ရေးစင်တာ(MPC)ဘက်မှ ဦးလှ‌မောင်‌ရွှေ၊ ဦးတင်‌မောင်သန်း၊ ဦးညိုအုန်းမြင့်တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ‌တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်။

၎င်း‌တွေ့ဆုံညှိနှိုင်းပွဲတွင် ယခင် UPWCနှင့် NCCT‌ဆွေး‌နွေးပွဲမှ ‌ဆွေး‌နွေးချက်များ ပြန်လည်သုံးသပ်ခြင်း၊ (၇) ကြိမ်‌မြောက် NCCTနှင့် UPWC တို့ ‌တွေ့ဆုံနိုင်‌ရေး၊ လာမည့် ‌တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်၌ ကျန်သည့် အချက်များကို ညှိနှိုင်းသွားရန်၊ အပစ်အခတ်ရပ်စဲ‌ရေး စည်းမျဉ်းစည်းကမ်းများ၊ အပစ်ရပ်မူကြမ်း စာချုပ် ချုပ်ဆိုရာတွင် အသိသက်‌သေထားရှိရန် ကိစ္စနှင့် ယခင်နှစ် စက်တင်ဘာလက လိုင်ဇာဗိုလ်သင်တန်း ‌ကျောင်းပစ်ခတ်ခံရမှုကိစ္စများကို ညှိနှိုင်းရန် NCCTဘက်က အဆိုပြုတင်ပြခဲ့သည်ဟု NCCTက ‌ပြောသည်။

MPC မှ ဦးညိုအုန်းမြင့်က“ သူတို့(NCCT) တင်ပြလာတဲ့အချက်‌တွေကို ကျ‌နော်တို့က UPWC မှာ တင်ပြပြီး‌တော့ အကြံ‌ပေးပါမယ်။ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မှာ‌တော့ ‌တော်‌တော်များများသ‌ဘောတူပြီ။ အဓိက က‌တော့ နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေ ယုံကြည်မှုတည်‌ဆောက်ဖို့ပါ။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိလာမယ်။ စိုးရိမ်မှု၊ ‌ကြောင့်ကြမှု မရှိ‌တော့ဘူးဆိုရင် ဒီကိစ္စက မြန်သွားမယ်လို့ ထင်တယ်” ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် NCCTအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းကမူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးစာချုပ်ပါ အချက်အလက်အချို့သည် ညှိနှိုင်းမှု မပြီးပြတ်‌သေးသဖြင့် အချိန်ယူပြီး ‌ဆွေး‌နွေးသွားရမည့်အ‌ပေါ် ‌နောက်လ ‌ဖေ‌ဖော်ဝါရီလ‌တောင်မှ လက်မှတ်‌ရေးထိုးနိုင်မည် မဟုတ်‌သေး‌ကြောင်း ‌ပြောသည်။

NCCT သည် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ လုပ်‌ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ချင်းမိုင်မြို့၌ ဇန်နဝါရီ ၁၉ရက်‌နေ့မှ ၂ဝရက်‌နေ့အထိ အဖွဲ့ဝင်များအချင်းချင်းအကြား ‌တွေ့ဆုံခဲ့ကြပြီး‌နောက် MPC နှင့် ဆက်လက်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ကရင်၊ မွန်၊ ကချင်၊ ပအိုဝ့်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း ၊ ချင်းနှင့် ဝ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ ပါဝင်‌သော တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)ကို ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၂ရက်‌နေ့တွင် ဖွဲ့စည်းခဲ့သည်။