ဇန်နဝါရီ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်းနိုင်ငံရောက် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်ကြီးဆက်လုပ်ရန် ယခု ဇန်နဝါရီမှစ၍ လုပ်ငန်းရှင်မှတဆင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အလုပ်သမား ရှာဖွေခန့်ထားရေးရုံးသို့ လျှောက်လွှာများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပတ်စ်ပို့ စာအုပ်ကြီးလုပ်ပြီးလျှင် ဗီဇာ၊ အလုပ်လုပ်ခွင့်လက်မှတ်(ဝေါ့ပါမစ်)ဆက်လုပ်ရန် One Stop Serviceရုံး ၄ နေရာဖွင့်လှစ်ထားပြီး လာမည့် မတ်လတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်သည့် အတွက် အလုပ်ရှင်မှတဆင့် အလုပ်သမားခွဲတမ်း စာရင်းများတင်ထားရန် အလုပ်သမားရှာဖွေရေးရုံးညွန်ကြား ရေးမှ စတင်ပြောထားနေပြီဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
ဦးမိုးကြိုးက “အလုပ်သမားခွဲတမ်းတင်ပြီးရင် ထိုင်းစစ်တပ်က ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်ကို တွဲတင်ရ မယ်။ ပတ်စ်ပို့စာအုပ်ကြီးဆက်လုပ်ဖို့ ဒီလအတွင်းမှာပဲ မြန်မာနိုင်ငံက One Stop Service ရုံးတွေ လာဖွင့် လှစ်မှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
တင်ထားသည့် လျှောက်လွှာများကျလာလျှင် မြန်မာသံရုံးနှင့် မြဝတီ၊ ကော့သောင်း တာချီလိတ် စသည့် နေရာများတွင် ပတ်စ်ပို့စာအုပ်ကြီးပြန်လုပ်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် စာအုပ်ကြီးများ ပြန်ရလျှင် ဖပဒိုင်စမွတ် ပကန်ခရိုင်၊ မယ်ဆိုင် ချင်းရိုင်ခရိုင်၊ မဲဆောက် တာ့ခ်ခရိုင်၊ ရနှောင် ရနောင်းခရိုင်တို့တွင် ရှိသည့် One Stop Service ရုံးတွင် ဗီဇာနှင့် ဝေါ့ပါမစ်ကို ပြန်လည်ဆက်လုပ်ရမည်ဖြစ်သည်ဟု သိရသည်။
ရနှောင်တွင် အလုပ်သွားလုပ်သည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ စောပြည်က “ကျနော်တို့က အလုပ် လာလုပ်တာ အဲဒီပတ်စ်ပို့ ကိစ္စတွေနဲ့ပဲ စိတ်ညစ်တယ်။ တစ်မျိုးပြီးတစ်မျိုး လုပ်ရတယ်။ သိတောင် မသိ တော့ဘူး။ အခုတစ်ခေါက်က ပတ်စ်ပို့စာအုပ် ပြန်လုပ်ခိုင်းပြန်ပြီ။ အဲဒီစာအုပ်ကြီးရရင် တခြားနိုင်ငံကို အလုပ်သွားလုပ်လို့ ရတယ်လို့ဆိုပေမယ့် သေချာတော့ မသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ပတ်စ်ပို့စာအုပ်ကြီးဖြင့် ဝေါ့ပါမစ်ဆက်လုပ်ပါက တရားဝင်ကုန်ကျမည့် ဈေးနှုန်းမှာ မြန်မာဘက်ခြမ်း ပတ်စ်ပို့ ကြေး ၁၆၀ဝ ဘတ်၊ ထိုင်းဘက်ခြမ်း ပတ်စ်ပို့ကြေး ဗီဇာ ၅၀ဝ ဘတ်နှင့် ဝေါ့ပါမစ်ကြေး ၁၀၀ဝ ဘတ် စုစုပေါင်း ၃၁၀ဝ ဘတ် ကုန်မည်ဖြစ်သည်ဟု JACBA ၏ ပြောဆိုချက်အရ သိရသည်။
ထိုင်းအစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်နေထိုင်သည့် မြန်မာ အလုပ်သမား ၅သိန်းကျော်ရှိပြီး ၎င်းတို့သည် အာမခံလက်မှတ် အထောက်အထားများ မရှိသေးသည့်အတွက် ၂၀၁၅ မတ်လအတွင်း နောက်ဆုံးထားပြုလုပ်စေကာ မလုပ်သည့်သူများကို မတ်လကုန်တွင် စတင်ဖမ်းဆီးပြန်ပို့ တော့မည်ဖြစ်သည်ဟု သိရသည်။



















