Home သတင်း ကရင်နိုင်ငံ‌ရေးပါတီ ၃ ခု မဟာမိတ်ဖွဲ့ကြမည်

ကရင်နိုင်ငံ‌ရေးပါတီ ၃ ခု မဟာမိတ်ဖွဲ့ကြမည်

1762

KDP ဥက္ကဌ ‌စောရဲဝင်းနိုင်

နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီနှစ်ခု ဖြစ်သည့် ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)နှင့် ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)တို့က ယခု နိုဝင်ဘာလအတွင်း ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး မဟာမိတ်ဖွဲ့ကြ မည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် ဖားအံမြို့ရှိ KSDDP ရုံး၌ ‌ဆွေး‌နွေးပွဲ အမြန်ဆုံး ဖြစ်‌မြောက်‌ရေးအတွက် ကြိုးပမ်းလျှက်ရှိပြီး လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်သည့်အခါ တစ်ပါတီနှင့် တစ်ပါတီ အမတ်‌နေရာများ မထပ်‌စေ‌ရေး ရည်ရွယ်၍ ယခုလို မဟာမိတ်ဖွဲ့သွားကြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု KSDDP ပါတီ အတွင်း‌ရေးမှူး ‌စောသန်းမြက ‌ပြောသည်။

“‌တွေ့ဆုံမယ့်ကိစ္စက‌တော့ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက်ပါပဲ။ ပြည်သူ့လွှတ်‌တော်‌နေရာ၊ အမျိုးသား ‌နေရာ၊ ပြည်နယ်အမတ်‌နေရာ‌တွေကို ဝင်ယှဉ်ပြိုင်တဲ့အခါ မထပ်ရ‌လေ‌အောင် တစ်ပါတီနဲ့တစ်ပါတီ ညှိနှိုင်းခြင်းပဲဖြစ်တယ်။ အဓိက အဲဒါပါပဲ”ဟု ‌စောသန်းမြက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိ ကရင်ပါတီများ မဟာမိတ်ဖွဲ့ကြမည့် ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်သူများ အ‌သေးစိတ် သိနိုင်ရန် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ပြီး‌မြောက်သည့်အခါ အဆိုပါ ပါတီသုံးခုက ထုတ်ပြန်သွားမည်ဖြစ်သည်ဟု သိရသည်။

ပါတီမဟာမိတ်ဖွဲ့သွား‌ရေးအ‌ပေါ် KDP ဥက္ကဌ ‌စောရဲဝင်းနိုင်က “ကျ‌နော်တို့ ကရင်ပါတီ‌တွေမှာ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးပါ။ အဓိက‌တော့ ဝင်ယှဉ်ပြိုင်တဲ့အခါမှာ မဲဆန္ဒနယ်‌မြေ‌တွေကို ကျ‌နော်တို့ ကရင်ပါတီ‌တွေ ဘယ်လို ခွဲ‌ဝေကြမလဲ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်‌နေ့က ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(KSDP)အပါအဝင် KDP, KSDDP နှင့် KPP တို့သည် ဖားအံမြို့၊ ခွဲက‌ဘောင်ဂါးဒင်းတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကာ ကရင်နိုင်ငံ‌ရေးပါတီများ ပူး‌ပေါင်း‌ရေးအတွက် မူအရ သ‌ဘောတူညီခဲ့ကြသည်။