Home သတင်း ဖလုံ-စ‌ဝေါ်ပါတီ မွန်ပြည်နယ် ‌ပေါင်မြို့နယ်တွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်

ဖလုံ-စ‌ဝေါ်ပါတီ မွန်ပြည်နယ် ‌ပေါင်မြို့နယ်တွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်

1792

နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)သည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲက ဝင်‌ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

‌ပေါင်မြို့နယ်တွင် ကရင်အမျိုးသားများ အများစု‌နေထိုင်ကြသည့် ‌ဒေသဖြစ်သည့်အပြင် ‌ဒေသခံများသည် PSDP အား ‌ထောက်ခံအား‌ပေး‌နေသည့်အတွက် ဝင်‌ရောက်ယှဉ်ပြိုင်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ပါတီရဲ့ မူဝါဒက‌တော့ မိမိတို့ပါတီကို အား‌ပေး‌ထောက်ခံတဲ့ ပြည်သူ‌တွေရှိတဲ့ ‌နေရာမှန်သမျှ ဝင်ယှဉ် ပြိုင်ရမယ်။ ဒါ‌ကြောင့် ‌ပေါင်မြို့နယ်ကို ကျ‌နော်တို့ လာမယ့် ၂၀၁၅ ကျရင် ဝင်‌ရောက်အ‌ရွေးခံဖို့ ဆုံးဖြတ်ခြင်း ဖြစ်တယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ယင်းကရင်လူမျိုးများ‌နေထိုင်သည့် ‌ပေါင်မြို့နယ်သည် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင် သွားမည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)အပြင် ကရင်ပြည်သူ့ ပါတီ(KPP)ကလည်း ဝင်‌ရောက်ယှဉ်ပြိုင် ရန် ရှိသည်ဟု သိရသည်။

‌ပေါင်မြို့နယ်မဲဆန္ဒနယ်‌မြေအတွင်း ဝင်‌ရောက်ယှဉ်ပြိုင်မည့် အဆိုပါ ကရင်ပါတီ ၂ပါတီထဲတွင် ‌ဒေသခံများက PSDP ကို အား‌ပေးကူညီသွားရန် အလားအလာများသည်ဟု ‌ပေါင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက် ပြန့်ပွား‌ရေးအသင်း ဥက္ကဌဖြစ်သူ ‌စောတင်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌စောတင်ထွန်းက “‌ပေါင်မြို့နယ်မှာ KPP နဲ့ ဖလုံ-စ‌ဝေါ်ပါတီ ဝင်ပြိုင်သွားကြမယ်။ အဲဒီ နှစ်ပါတီမှာ ‌ဒေသခံ‌ပြော တာက‌တော့ ဖလုံ-စ‌ဝေါ်ပါတီက KPP ထက် အလားအလာပိုများတယ်။ ဘာဖြစ်လဲဆိုရင် ဖလုံ-စ‌ဝေါ်ပါတီဟာ အမျိုးသားစာ‌ပေအဖွဲ့က‌နေ လာတဲ့သူများသလို ကျ‌နော်တို့နဲ့ ပိုပြီး ဆက်စပ်မှုရှိတယ်။ ဒီက ‌ဒေသခံ‌တွေက လည်း ဖလုံ-စ‌ဝေါ်ပါတီနဲ့ ပိုရင်းနှီးမှု ရှိကြတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

PSDP သည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတုန်းက ကရင်ပြည်နယ်ရှိ ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ‌ကော့ကရိတ် မြို့နယ်၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မ‌ရောမြို့နယ် စသည့်တို့၌ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည်။