Home သတင်း ကရင်ပြည်နယ်‌နေ့ပွဲ‌တော် ဒုံးယိမ်းအကပြိုင်ပွဲတွင် ဖားအံမြို့ကိုယ်စားပြု မြိုမဒုံးယိမ်းအဖွဲ့ မပါဝင်နိုင်

ကရင်ပြည်နယ်‌နေ့ပွဲ‌တော် ဒုံးယိမ်းအကပြိုင်ပွဲတွင် ဖားအံမြို့ကိုယ်စားပြု မြိုမဒုံးယိမ်းအဖွဲ့ မပါဝင်နိုင်

2339

၂၀၁၃ခုနှစ်က ၅၈ ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနား

နိုဝင်ဘာ ၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အစိုးရမှ ဦးစီးပြီး ဖားအံမြို့ရှိ သီရိကွင်းအတွင်း လာမည့် နိုဝင်ဘာ ၇ရက်‌နေ့၌ ကျင်းပမည့် ၅၉ ကြိမ်‌မြောက် ကရင်ပြည်နယ်‌နေ့ပွဲ‌တော် ဒုံးယိမ်းအက ပြိုင်ပွဲတွင် ဖားအံမြို့ကိုယ်စားပြု မြို့မဒုံးယိမ်းအဖွဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မည် မဟုတ်‌ကြောင်း သိရသည်။

ဖားအံမြို့၌ နှစ်စဉ်နှစ်တိုင်းကျင်းပလျှက်ရှိ‌သော ပြည်နယ်‌နေ့ပွဲ‌တော်တွင် မြို့မဒုံးယိမ်းအဖွဲ့သည် ပါဝင်နိုင်ခဲ့‌သော် လည်း ၅၇ ကြိမ်‌မြောက်မှစ၍ ယခုအချိန်ထိ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းကို ရပ်တန့်ထားရပြီး ထိုသို့ ဖြစ်ရခြင်းမှာ ပြည်နယ်အစိုးရမှ လိုအပ်သည့် ရန်ပုံ‌ငွေများ စီမံ‌ပေးခြင်းမရှိသည့်အတွက် ဖြစ်သည်ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမြင့်‌ရွှေက ‌ပြောသည်။

“ပြည်နယ်‌နေ့ပွဲ‌တော်မှာ ဆိုင်ခန်းခတို့ ကန်ထရိုက်‌ပေးပြီးရရှိလာတဲ့ ရံပုံ‌ငွေ‌တွေ အများကြီးပဲ။ ကိုယ့်ယဉ်‌ကျေးမှု ဓ‌လေ့ရိုးရာလုပ်ဖို့ ပြည်နယ်အစိုးရက ခွဲ‌ဝေ‌ပေးတာတို့ မကြားခဲ့ဘူး။ ရရှိလာတဲ့ ရံပုံ‌ငွေ‌တွေကို ဘယ်လိုသုံး သလဲ။ ရှင်းရှင်းလင်းလင်း လူ‌တွေ မသိရဘူး။ ပွင့်လင်းမြင်သာမှုရှိရင် ဒီလိုအ‌နေအထားမျိုး မဖြစ်လာနိုင်ဘူး”ဟု ဦးမြင့်‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့တွင် ရပ်ကွက်‌ပေါင်း ၉ ကွက်ရှိရာ နိုင်ငံ‌တော်မှ ကျင်းပ‌ပေးသည့် ဆို၊ က၊ ‌ရေး၊ တီးနှင့် မြန်မာ့အတာ သကြင်္န်ပွဲ‌တော်အတွက် သကြင်္န်ငြိမ်းအကအား ဖားအံမြို့‌ဒေသခံများက ကူညီ‌ဆောင်ရွက်‌ပေးလျှက်ရှိသည့် အ‌ပေါ် အလားတူ ကရင်ဒုံးယိမ်းအတွက်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရတာဝန်ရှိသူများအ‌နေဖြင့် ဝိုင်းဝန်းကူညီလုပ်‌ဆောင်သင့်သည်ဟု ကရင်ဒုံးဆရာ ‌စောမြင့်သူကလည်း ယခုလို ‌ပြောသည်။

၎င်းက “ကရင်ပြည်နယ်မှာ အုပ်ချုပ်သူအများစုက ကရင်ဒုံးယိမ်းအတွက် ကုန်ကျမှု‌တွေကို မ‌ပေးချင်ကြဘူး။ ဒါ‌ပေမယ့် ဆို၊ က၊ ‌ရေး၊ တီးပွဲတို့ သကြင်္န်ပွဲတို့အတွက်ဆိုရင် ‌ပေးနိုင်ကြတယ်။ ဒါ‌တွေကိုကြည့်ခြင်းအားဖြင့် လူမျိုးခွဲခြားတာပဲ ဖြစ်တယ်။ ပြည်သူ့မဲဆန္ဒနဲ့လူကြီးတက်လုပ်ကြတဲ့ ကရင်‌တွေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မ‌ပြောရဲဒါ‌တွေ လည်းရှိတယ်။ ကရင်လူထု‌တွေက‌တော့ နစ်နာကြယုံ‌ပေါ့”ဟု ‌ပြောသည်။

မြို့မဒုံး မရှိ‌တော့သည့်အ‌ကြောင်းသည် အုပ်ချုပ်သူတို့နှင့် မြို့မိမြို့ဖ ‌တွေ့ဆုံညှိနှိုင်းမှု အားနည်းခြင်းတစ်ရပ် ယူဆမိသည်ဟု မြို့ခံတစ်ဦးအ‌နေဖြင့်‌ပြောကြားသူ ကရင်စာ‌ပေယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၇‌နေ့၌ ကျ‌ရောက်‌သော ၅၈ကြိမ်‌မြောက် ပြည်နယ်‌နေ့ပွဲ‌တော်တွင် ဖားအံမြို့ကိုယ်စားပြု မြို့မဒုံးယိမ်းအဖွဲ့မှအပ ကရင်ပြည်နယ်အတွင်း ဒုံးယိမ်းအဖွဲ့‌ပေါင်း ၁၂ဖွဲ့ ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့သည်။

ကရင်ပြည်နယ်‌နေ့ပွဲ‌တော်ကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်‌နေ့မှ စတင်၍ နှစ်စဉ်ကျင်းပလာခဲ့ကာ ယခင်က ကရင်ပြည်နယ်အတွင်း ‌နေရပ်‌ဒေသအသီးသီးရှိ ကရင်ဒုံးယိမ်းအဖွဲ့‌ပေါင်း ၁၀ဝ အထိ ဝင်‌ရောက်ယှဉ်ပြိုင်ကပြ ခဲ့ကြ‌ကြောင်း သိရသည်။