နော်လှအေး ၂ဝနှစ်
ပညာအရည်အချင်း ဆယ်တန်းအောင်
ဝါသနာ ဆေးဆရာမ
ကျမဇာတိက ဘီးလင်းမြို့နယ်၊ ကွီးလေးသဝေါဖျာရွာပါ။ အမိုးက နော်မအောင်၊ အပါးက စောရင်စိုးတို့ ဖြစ်ကြပြီး မောင်နှမ ၆ဦး မှာ ကျမက ငါးဦးမြောက်ပါ။ အသက်မွေးဝမ်းကျောင်းအနေနဲ့ မိသားစုတွေက တောင်ယာခုတ်၊ လယ်လုပ်ကြပါတယ်။ ငယ်ငယ် က ကွီးလေးရွာမှာပဲ မူလတန်းအောင်ခဲ့ပြီး လေးကေရွာက အထက်တန်းကျောင်းမှာ ၈တန်းအထိကျောင်းနေ အောင်မြင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၁၀-၁၁ခုနှစ်မှာ ရွာက သူငယ်ချင်းတွေနဲ့အတူ မယ်ရာမိုစခန်းမှာ ၉တန်းတက်ခဲ့ပြီး ရွာမှာပဲ ကေအဲန်ယူက လာဖွင့်တဲ့ အထက်တန်းကျောင်းမှာ ဆယ်တန်းပြန်ဖြေ အောင်ခဲ့တယ်။
အဲဒီနောက်ပိုင်း ကေအဲန်ယူ ဗဟိုက စည်းရုံးရေးလာဆင်းချိန်မှာ အပါးကလည်း ကျမကို ကျောင်းဆက်တက်စေချင်သေးသလို ကျမကလည်း ဆန္ဒရှိတော့ ၂၀၁၂ခုနှစ် ဇွန်လမှာဖွင့်တဲ့ မျိုးဆက်သစ်ကျောင်းကို ရောက်လာခဲ့တာပါပဲ။ ဒီကျောင်းကို စတက်တာ နဲ့ တစ်ချိန်တည်းမှာ ကျမ ကိုယ့်ဆန္ဒပြုထားလိုက်တာက အမျိုးသားရေးမှာ ဝိုင်းလုပ်သွားဖို့ပါ။ ကျောင်းမှာက လူ့အခွင့်အရေး ဆိုတာတွေကို ကြားဖူးတာထက် နားလည်သွားတယ်။ နောက်ပြီး ဒီမိုကရေစီ၊ ကေအဲန်ယူ အခြေအနေ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စတာတွေ သိလာရတယ်။ ထူးခြားတာက ဒီကျောင်းမှာ စစ်သင်တန်း အခြေခံတစ်လ တက်ရတယ်။ အဲဒီမှာ ကျမအတွက် ချွတ် ချော်မှုနှစ်ခါ ဖြစ်တယ်။ အဲဒါကတော့ ရန်သူလာရင် ချက်ချင်း အဆင်သင့်ဖြစ်အောင် လုပ်ရတဲ့ အနေအထားမျိုးဆို ကျမ အလောတကြီးဖြစ်ပြီး လွဲချော်တာတွေပါ။ ပျော်လည်း ပျော်ပါတယ်။
တကယ်တော့ ကျမက ဆေးဆရာမလုပ်ဖို့ ဝါသနာရှိခဲ့တာ။ ရွာမှာ ဆေးဝါးမရှိဘဲ နေထိုင်မကောင်းဖြစ်တဲ့ လူနာတွေကို သနား တယ်။ ဆေးဝန်ထမ်းတွေကလည်း ခေါ်တိုင်း လာနိုင်ကြတာ မဟုတ်ဘူး။ ကျမငယ်ငယ်က အသက် ၁ဝနှစ်မှာ ငှက်ဖျားဖြစ်လို့ တစ်ရက်နဲ့တစ်ည သတိလစ်သွားတယ်။ မိုးကလည်းရွာတာမို့ ဆေးဆရာမတွေကိုခေါ်လည်း နယ်စပ်က ဆေးဝန်ထမ်းတွေမို့ အစိုးရစစ်တပ်ကလည်းရှိတော့ ဆေးဝါးတွေကို ဝှက်ထားရတာနဲ့ သွားမယူရဲသလို သူတို့က လာလည်းမလာဘူး။ ဒါကြောင့် ဆေးဆရာမအဖြစ် ရွာမှာပြန်လုပ်ချင်တယ်။ အခွင့်အရေးရှိရင် ဆေးသင်တန်းတက်ချင်တယ်လေ။
အခုက မျိုးဆက်သစ်ကျောင်းပြီးပြီမို့ ကျမကို ကိုယ်စားပို့လာတဲ့ ကေအဲန်ယူရုံးချုပ်မှာ ပြန်ဝိုင်းကူလုပ်မယ်လို့ စိတ်ကူးထားပါ တယ်။ ကျမတို့ ကရင်လူငယ်တွေဟာ ကိုယ့်လူမျိုးကို ကိုယ်မှမကူညီရင် ဘယ်သူမှလာပြီး ကူညီမှာမဟုတ်ပါဘူး။ အခုဆို လိုအပ်ချက်တွေ အများကြီး ရှိတဲ့အချိန်မို့ လူငယ်တွေကို အမျိုးသားရေးမှာ ကူညီလုပ်ဆောင်စေချင်ပါတယ်။



















