စက်တင်ဘာလ ၁၂ရက်၊ ၂၀၁၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ငန်းတေးဓါတ်အားပေးစက်ရုံဝင်းရှိ MYANMAR LIGHTING IPP CO, L.TD ၏ ၂၃ဝ MW(မီဂ္ဂါဝပ်) သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံစီမံကိန်းမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွက် ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်တော့မည် ဖြစ်သည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရန် MYANMAR LIGHTING IPP CO, L.TD အနေဖြင့် စက်တင်ဘာလ ၉ရက်နေ့က နေပြည်တော်၌ နားလည်မှုစာချွန်လွှာ(MOU) သဘောတူလက်မှတ်ရေး ထိုးထားပြီးဖြစ်သလို စက်များ ဝယ်ယူတပ်ဆင်ရန်လည်း ASIA TEC Energy PTE Co, Ltd (Singaore)တို့နှင့် စက်တင်ဘာ ၁ဝ ရက်နေ့က မော်လမြိုင်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီဖြစ်သည်။
မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်က “မွန်ပြည်နယ်မှာ လျှပ်စစ်ဓါတ်အားအလုံအလောက်ရရှိဖို့ လျှပ်စစ်ဖြန့်ဖြူးမှုကို ပုဂ္ဂလိကကုမ္ပဏီနဲ့ လွှဲပြောင်းပေးလိုက်တယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွက် ၂၀၁၄ ကနေ စပြီးတော့ သုံးစွဲနိုင်တော့မှာပေါ့”ဟု ပြောသည်။
ထိုသို့ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွက် လျှပ်စစ်ဓါတ်အားလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ၂၃ဝ MW သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံစီမံကိန်းမှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ပထမအဆင့် မွန်ပြည်နယ်အတွင်း စတင်ဖြန့်ဖြူးမည်ဖြစ်ပြီး ထိုမှတဆင့် ကရင်ပြည်နယ်သို့ ဖြန့်ဖြူးသွားမည်ဟု သိရသည်။
လျှပ်စစ်စီမံကိန်းအတွက် ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၂ သန်း ခန့်မှန်းထားပြီး ဖြန့်ဖြူးမည့်အခါ ယခုကောက်ခံနေသည့်နှုန်းထားအတိုင်း အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် စက်ရုံအလုပ်ရုံသုံးအတွက် ၇၅ ကျပ်နှုန်းအတိုင်းသာ ကောက်ခံသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က မော်လမြိုင် ငန်းတေးမီးစက်ဝင်းအတွင် MYANMAR LIGHTING IPP CO, L.TD ၏ ၂၃ဝ MW လျှပ်စစ်စီမံကိန်းကြီး ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သေးသည်။
အခမ်းအနားတွင် MYANMAR LIGHTING IPP CO, L.TD ဥက္ကဌ ဦးစိန်ဝမ်က စက်ရုံစီမံကိန်းမှ ထွက်ရှိသည့် ဓါတ်အားပမာဏပေါ်မူတည်ပြီး ပထမအဆင့်တွင် မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်သို့ ဖြန့်ဖြူးမည်ဖြစ်ပြီး ပိုလျှံသည့် ဓါတ်အားပမာဏကို ရန်ကုန်သို့ ဆက်လက်ပို့ဆောင်မည်ဟု ပြောကြားခဲ့သည်။
၂၃ဝ MW သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓါတ်အားပေး စက်ရုံစီမံကိန်းဖွင့်ပွဲကျင်းပခဲ့စဉ်က လျှပ်စစ်စွမ်းအား ဒု-ဝန်ကြီး ဦးအောင်သန်းဦး၊ မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်းအပါအဝင် ပြည်နယ်ဆိုရင်ရာ လျှပ်စစ်ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။


















