စက်တင်ဘာ ၁၃ရက်၊၂၀၁၃ခုနှစ်။ စောညွန့်သောင်း
ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချပေးသော ၁၅၀ဝတန် ဖုန်းဆင်းမ်ကဒ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် မြို့ပြအုပ်ချုပ်ရေးမှူးက မဲစနစ်ဖြင့် မရောင်းချပဲ နီးစပ်ရာ လူမှုအသင်းအဖွဲ့များကိုအလှည့်ကျစနစ်ဖြင့် ရောင်းချနေကြောင်းသိရသည်။
မြိုင်ကြီးငူမြို့ပြ အုပ်ချုပ်ရေးမှူး ဦးဝင်းကြည်က “နေရာဒေသ မတူညီလို့ မြိုင်ကြီးငူဒေသထဲက လူအများစု မဲစနစ်နဲ့လုပ်တာ မကြိုက်တော့ အလှည့်ကျစနစ်နဲ့ လုပ်ရတာပါ။ ဘာကြောင့်လဲဆိုတော့ လူဦးရေများပြီး ချပေးတဲ့ ဖုန်းဆင်းမ်ကဒ်က နည်းလွန်းတော့ မဲစနစ်နဲ့ဆို အလုပ်ပိုများလာလို့ အများသဘောအရ အလှည့်ကျစနစ်ကို လုပ်ဆောင်ရတာဖြစ်ပါတယ်”ဟု ပြောသည်။
ယင်းသို့ အလှည့်ကျစနစ်ဖြင့် ပေးရာတွင် မြိုင်ကြီးငူဒေသအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေး ဝန်ထမ်းများ၊ ယဉ်ကျေးမှုအဖွဲ့နှင့် မြို့ပြစည်းကမ်းထိန်းသိမ်းရေး စသည့်အဖွဲ့အစည်းများကို ဦးစားပေးကာ ရောင်းချနေခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသများတွင် အဆိုပါ ၁၅၀ဝတန် ဖုန်းဆင်းမ်ကဒ်ကို အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများက မဲစနစ်ဖြင့် ရောင်းချကြသည့်အတွက် မြိုင်ကြီးငူဒေသတွင်လည်း အလားတူ မဲစနစ်ဖြင့် ရောင်းစေချင်ကြောင်း ဒေသခံ ဦးစောဟီ့က ပြောသည်။
“ဖုန်းကဒ်ချပေးတာက နီးစပ်ရာအဖွဲ့တွေကိုပဲ ပေးတယ်။ ကျနော့်အနေနဲ့ကတော့ အခြားဒေသလိုမျိုးပဲ မဲစနစ်နဲ့ လုပ်စေချင်ပါတယ်”ဟု ဦးစောဟီ့က ပြောသည်။
အိမ်ခြေပေါင်း ၂၈၀ဝရှိသည့် ၎င်းဒေသတွင် လစဉ် ၁၅၀ဝတန် ဖုန်းဆင်းကဒ် ၆ဝချပေးပြီး အလှည့်ကျစနစ်ဖြင့် ရောင်းချခြင်းကို လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု
မြိုင်ကြီးငူမြို့ပြ အုပ်ချုပ်ရေးမှူး ဦးဝင်းကြည်က ပြောသည်။