Home သတင်း မဲ‌ဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ လစာအပြည့်အဝရရှိ

မဲ‌ဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ လစာအပြည့်အဝရရှိ

1863
ဇွန်လ ၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့အနီး မယ်ပ‌ကျေးရွာ ဘန့်‌ဆောင်ခွဲရပ်ကွက်ရှိ M APPAREL CO. LTD အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ သည် လစာအပြည့်အဝရရှိ‌ရေး ဆန္ဒပြ‌တောင်းဆိုမှုကို ထိုင်းအလုပ်ရှင်က တ‌နေ့တာ လုပ်အားခ ထိုင်း‌ငွေ ၂၂၆ဘတ်‌ပေးရန် ဇွန်လ ၅ရက် ‌နေ့တွင် သ‌ဘောတူညီလိုက်သည်ဟု သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တစ်‌နေ့လျှင် လုပ်အားခ ၆ဝဘတ်မှ ၉ဝဘတ်အထိသာ ရရှိသကဲ့သို့ လစာများကို လကုန်ပြီး ‌နောက်လအလယ်မှသာ အလုပ်ရှင်က ထုတ်‌ပေးခဲ့သဖြင့် မ‌ကျေမနပ်ဖြစ်ကာ ပြီးခဲ့သည့် ‌မေလ ၁၂ရက်‌နေ့မှစ၍ ဆန္ဒပြ‌တောင်း ဆိုပြီး‌နောက် ယခုလို သ‌ဘောတူညီမှု ရရှိလာခြင်း ဖြစ်သည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေးကို လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်က “အလုပ်သမားကာကွယ်‌ရေးဦးစိးဌာနရုံးကို စာရွက်စာတမ်းအပြည့်အစုံနဲ့ ကျ‌နော်တို့ သွားတင်ပြလိုက်တာ။ သူတို့(ထိုင်း) နိုင်ငံမှာ ချမှတ်ထားတဲ့ အလုပ်သမားဥပ‌ဒေအရ လုပ်တာဆို‌တော့ အားလုံး အဆင်‌ပြေသွားပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အလုပ်သမားများ၏ တ‌နေ့တာလုပ်အားခ ၂၂၆ဘတ် လုပ်အားခကို လုပ်ငန်းရှင်သူ‌ဌေးမှ လကုန် ပြီး ၁ဝရက်‌နေ့တွင် ပုံမှန်ထုတ်‌ပေးရန် တရားဝင် လက်မှတ်ထိုး‌ပေးနိုင်ခဲ့‌သော်လည်း ယင်းသ‌ဘောတူလက်မှတ်‌ရေးထိုးလိုက်ပြီး‌နောက် အလုပ်သမားများ‌နေထိုင်ရန် စက်ရုံမှ ‌နေရာ‌ပေး‌တော့မည် မဟုတ်ပဲ အလုပ်သမားများကိုယ်တိုင်သာ အိမ်ငှား‌နေထိုင်ကြရမည်ဟု ဆုံးဖြတ် ခဲ့‌ကြောင်း ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဆိုသည်။

လစာအပြည့်အဝရရှိပြီးဖြစ်၍ အိမ်ငှား‌နေရ‌သော်လည်း လွတ်လွတ်လပ်လပ်နှင့် ‌နေထိုင်နိုင်သဖြင့် အလုပ်သမားတိုင်း ‌ပျော်ရွှင်‌နေကြ ‌ကြောင်း ထိုအထည်ချုပ်စက်ရုံမှ အလုပ်သမား‌ခေါင်း‌ဆောင် ကိုပီတာက ‌ပြောသည်။

“ကျ‌နော်တို့ အရင် အကုန်အကျထက်‌တော့ နည်းနည်းပိုကုန်လာတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် ကိုယ့်အခန်း ကိုယ်ဌား‌နေတာဆို‌တော့ ဘယ်သူ့ မျက်နှာမှလည်း ကြည့်‌နေစရာမလို‌တော့ဘူး။ အလှူအတန်းလုပ်မယ်ဆိုရင်လည်း ဘယ်သူ့ဆီကမှ ခွင့်ပြုချက်‌တောင်းစရာမလို‌တော့ဘူး။” ဟု ‌ပြောသည်။
M APPAREL CO. LTD အထည်ချုပ်စက်ရုံတွင် ဝန်ထမ်း‌ပေါင်း ၄၀၀‌ကျော်အနက် အလုပ်သမား ၃၀၀‌ကျော်သည် လစာ အပြည့်အဝရရှိ‌ရေးနှင့် ပုံမှန် သတ်မှတ်ရက်တွင် ထုတ်‌ပေး‌ရေးတို့ကို ဆန္ဒပြ‌တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အလားတူ ‌မေလဆန်းပိုင်းကလည်း မဲ‌ဆောက်မြို့ရှိ S.D Fashion ကုမ္ပဏီလီမိတက်မှ အလုပ်သမားများသည် လုပ်အားခတိုးမြှင့်‌ပေး‌ရေး ဆန္ဒပြ‌တောင်းဆိုခဲ့ရာ အလုပ်ရှင်ဘက်က လိုက်‌လျော‌ပေးခဲ့သည်။