Home သတင်း လွိုင်‌ကော်မြို့တွင် အစိုးရနှင့် ဒုတိယအကြိမ် ‌တွေ့ဆုံရန် KNPP ခရီးစဉ်စတင်

လွိုင်‌ကော်မြို့တွင် အစိုးရနှင့် ဒုတိယအကြိမ် ‌တွေ့ဆုံရန် KNPP ခရီးစဉ်စတင်

2117
ဇွန်လ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


မြန်မာအစိုးရနှင့် ဒုတိယအကြိမ် ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးရန် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP ငြိမ်းချမ်း‌ရေး‌ကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ အ‌ခြေစိုက်ရာ ထိုင်း-နယ်စပ်တ‌နေရာမှ ယ‌နေ့မနက် ၆နာရီတွင် ကရင်နီ(ကယား)ပြည်နယ် လွိုင်‌ကော် မြို့သို့ စတင် ထွက်ခွာပြီဖြစ်သည်။

KNPP အတွင်း‌ရေးမှူး(၁) ခူဦးရယ်ဦး‌ဆောင်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး အပါအဝင် KNPP ဗဟို‌ကော်မတီဝင် ၅ဦးလိုက်ပါသွားပြီး ဇွန်လ ၉ရက်‌နေ့တွင် လွိုင်‌ကော်မြို့၌ အစိုးရ ကိုယ်စားလှယ်နှင့် ‌တွေ့ဆုံကြမည်ဖြစ်သည်ဟု KNPP ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌အောင်မြတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ လွိုင်‌ကော်မှာပဲ ‌တွေ့ဆုံကြပါမှာပါ။ အဓိက‌တော့ KNPP က အရင်တစ်‌ခေါက် ‌တွေ့ဆုံတုန်းက မြန်မာအစိုးရကို တင်ပြထားတဲ့ ကျ‌နော်တို့ရဲ့ ‌တောင်းဆိုချက် အချက် ၂၀‌ပေါ် အ‌ခြေခံပြီး ဆက်‌ဆွေး‌နွေးမှာ ဖြစ်တယ်။”ဟု ဗိုလ်ချုပ်‌အောင်မြတ်က ‌ပြောဆိုသည်။

ဆက်လက်၍ ယခု လွိုင်‌ကော်သို့ သွား‌ရောက်သည့် KNPP ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် ယခင် ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ‌တွေ့ဆုံနိုင်‌ကြောင်း သူက ဖြည့်စွက်‌ပြောဆို သည်။

ပြီးခဲ့သည့် မတ်လ ၇ရက်‌နေ့က KNPP မှ ခူဦးရယ် ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် အစိုးရဘက်မှ ဦး‌အောင်မင်းတို့ အဖွဲ့တို့နှင့် လွိုင်‌ကော်မြို့တွင် ပြည်နယ်အဆင့် ‌တွေ့ဆုံခဲ့စဉ်တွင် အချက် (၂၀)ပါ‌သော ‌တောင်းဆိုချက်ကို တင်ပြခဲ့ရာ အပစ်ရပ်‌ရေး အပါ အဝင် သ‌ဘောတူညီချက် ၃ချက်ကို နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးခဲ့ကြသည်။

ယင်း‌တွေ့ဆုံပွဲတွင် KNPP ၏ တင်ပြ‌တောင်းဆိုချက် ၂ဝ အနက် ကရင်နီပြည်အတွင်း စစ်ဆင်‌ရေးများ အားလုံးကို ရပ်ဆိုင်းရန်၊ မြန်မာတပ် ဖွဲ့၏ တပ်ရင်းနှင့် တပ်စခန်းများ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် ရက်‌ပေါင်း ၆ဝအတွင်း ပြန်လည်ရုပ်သိမ်း‌ပေးရန်၊ ကရင်နီပြည်အတွင်း စစ်‌ရေး‌လေ့ကျင့်မှုများနှင့် ‌ကျောင်းတည်‌ဆောက်မှု ရပ်တန့်ထားရန် စသည့် အချက်များကို ထပ်မံ‌ဆွေး‌နွေးသွားရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမည်ဟု ဦး‌အောင်မင်း ကိုယ်စားလှယ်အဖွဲ့က ‌ပြောဆိုခဲ့သည်။

KNPP သည် ယခင် နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့(နဝတ) အစိုးရနှင့် ၁၉၉၅ခုနှစ်၊ မတ်လတွင် အချက် ၁၆ချက်ဖြင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူခဲ့ကြ‌သော်လည်း ၃လအကြာတွင် ပြန်လည်ပျက်ပြားသွားခဲ့သည်။