ဇွန်လ ၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

မြန်မာနိုင်ငံ အနှံ့အပြားမှ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ တက်ရောက်သည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပကျေးရွာရှိ လုပ်ငန်းခွင် အကြိုဆရာများ လေ့ကျင့်ရေးဌာန(Teacher Preparation Center-TPC)တွင် ဒုတိယအကြိမ်မြောက် သင်တန်းကျောင်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့် တိုင်းရင်းသားဒေသများရှိ အနာဂတ်မျိုးဆက်သစ်ကလေးလူငယ်များကို အသိပညာများ ပြန်လည် သင်ကြားပေးနိုင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ၊ ဆရာမများအတွက် ကျောင်းကို ဖွင့်လှစ်လိုက်ခဲ့ခြင်း ဖြစ်သည်ဟု TPC ကျောင်းအုပ်ဆရာ စောအဲ့ခုက ကေအိုင်စီသို့ ပြောသည်။
“ပြည်တွင်းမှာက မြို့ပေါ်တွေလောက်မှာပဲ ပညာရေးကိုအဓိက ဦစားပေးသင်ကြားရတာပါ။ ဒေသအသီးသီးကလာတဲ့ ဆရာ၊ ဆရာမတွေကို အခုလိုသင်တန်းမျိုး သင်ကြားပေးလိုက်မယ်ဆိုရင် သူတို့ဒေသကို ပြန်ပြီး အဲ့မှာရှိတဲ့ ကလေးတွေကို အသိပညာတွေ ပြန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောသည်။
သင်တန်းတက်ရောက်သူများမှာ ထိုင်းငံတွင် ရွေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်ရှိလာသူများ၊ ပြည်တွင်းရှိ တိုင်းရင်းသား ဒေသ အသီးသီးမှ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ဗမာ၊ ကယန်း၊ နာဂ၊ ပလောင်၊ ပအိုဝ့် စသည့် တိုင်းရင်းသားများစွာ ပါဝင်သည် ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် စာသင်ကျောင်းများကို ကူညီပေးနေသည့် အစိုးရမဟုတ်သောအဖွဲ့-NGOs အဖွဲ့များ၊ ကရင်ကျောင်း ဆရာ၊ ဆရာမများလုပ်ငန်းအဖွဲ့-KTWG အပါအဝင် မဲဆောက်အခြေစိုက် စာသင် ကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်အချို့က သင်တန်း သား/သူများကို အားပေးစကားများ ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများကလည်း ၎င်းတို့၏ တိုင်းရင်း သားတေးသီချင်းနှင့် အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သူ KTWG မှ ဆရာမ နော်လယ်ထူးက “မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ပညာရေးကို လည်း တိုးတက်အောင် ပြောင်းလဲတဲ့နေရာမှာ ဆရာ၊ ဆရာမတို့ ပူးပေါင်းပါဝင်စေချင်တယ်”ဟု ပြောကြားသွားခဲ့သည်။
ယခုနှစ် TPC သင်တန်းကျောင်းကို တက်ရောက်သည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှ စောမာနေ့ကော်ဂေ့က “ကျနော်ဒီမှာ ပညာ လာသင်ပြီးလို့ တတ်မြောက်သွားရင် ကျနော့်ဒေသကိုပြန်ပြီး ကလေးတွေကို ပြန်သင်ပေးမယ်။ အတွေ့အကြုံ ဗဟုသုတတွေ ပြန် ပြောပြမယ်။ ကျနော်တို့ဒေသက ကလေးတွေအတွက် တက်နိုင်သမျှ လုပ်ဆောင်ပေးချင်လို့ပါ”ဟု ပြောသည်။
သင်တန်းကာလ ၁ဝလကြာသည့် TPC သင်တန်းကျောင်းတွင် ပညာရေး၊ ကျန်းမာရေး၊ ထိုင်းစိတ်ပညာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘာသာရပ်များကို အဓိက သင်ကြားပေးပြီး သင်တန်းသား/သူတို့၏ တိုင်းရင်းသားအချင်းချင်း ဓလေ့ထုံးတမ်းစဉ်လာနှင့် ဘာသာ စကားများကိုလည်း ဖလှယ်ကြသည်ဟု သိရသည်။
TPC ကျောင်းသည် ယခင်နှစ်က တက်ရောက်သူ ၃၅ဦးသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် တက်ရောက်သူ ၇၂ဦး သင်တန်း တက်ရောက်ပြီး လက်ရှိ ကျောင်းဆရာ၊ ဆရာမ ၅ဦးရှိသည်။
ယင်းသင်တန်းကျောင်းကို Word Education၊ KTWG နှင့် ထိုင်းပညာရေးဌာနတို့မှ ကမကထပြုပြီး အမေရိ ကန်၊ ကနေဒါ၊ ဒိန်းမတ် နိုင်ငံ (၃)နိုင်ငံတို့၏ အကူအညီဖြင့် ၂၀၁၁ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


















