Home သတင်း ‌ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ‌ဆွေး‌နွေးပွဲ ကျင်းပခဲ့

‌ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ‌ဆွေး‌နွေးပွဲ ကျင်းပခဲ့

2762
‌မေလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (‌ကေအိုင်စီ)


ရခိုင်ပြည်နယ်၊ ‌ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်း ရင်းနှီးမြုပ်နှံမှုများ‌ကြောင့် ဖြစ်‌ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ ‌ဆွေး‌နွေးပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ ဖွံ့ဖြိုး‌ရေးမဏ္ဍိုင်အဖွဲ့၏ အစည်းအ‌ဝေးခမ်းမ၌ ယမန်‌နေ့ မွန်းလွဲ ၂နာရီမှ ည‌နေ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

‌ဆွေး‌နွေးပွဲ ဦး‌ဆောင်သည့် ဖွံ့ဖြိုး‌ရေးမဏ္ဍိုင်အဖွဲ့၏ ဖိတ်ကြားစာထဲတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုး‌ရေး၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး လူမှု‌ရေး၊ ‌ရေရှည် ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် သဘာဝပတ်ဝန်းကျင်အ‌ပေါ် သက်‌ရောက်လာနိုင်သည့် အကျိုးဆက်များကို အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူ ပြည်သူများ သိရှိနားလည်လာရန်နှင့် ‌ရေရှည် အကျိုးဖြစ်ထွန်းမည့် ရင်းနှီးမြုပ်နှံမှု ဖြစ်လာ‌စေရန် ဝိုင်းဝန်း‌ဆောင်ရွက်‌ပေးနိုင်‌ရေးအတွက် ရည်ရွယ်ခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို‌ဆွေး‌နွေးပွဲတွင် ရခိုင်တိုးတက်‌ရေးပါတီဝင်များ အပါအဝင် ANN- Arakan Natinonal Network၊ EYNG – Ethnic Youth Network Group၊ ရခိုင်အလင်းတန်း၊ ရခိုင်‌ကျောင်းသားသမဂ္ဂရခိုင်လူငယ်အဖွဲ့မှ တာဝန်ရှိသူများနှင့် ‌ဒေသခံပြည်သူအချို့ စုစု‌ပေါင်း ပရိဿတ် ၈ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်း ရင်းနီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ လူမှုစီးပွား‌ရေးရှု‌ထောင့်၊ ဖွံ့ဖြိုးတိုးတက်‌ရေး ရှု‌ထောင့်နှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ရှု‌ထောင့်တို့မှ ကျွမ်းကျင်သူပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ‌ဒေသခံပြည်သူအချို့က ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ရခိုင်အလင်းတန်းမှ မာမာ‌ကျော်‌ဇောက “ရခိုင်အင်အားစု၊ ပါတီ အပါအဝင် ရခိုင်တိုင်းရင်းသားအားလုံးက ‌တော့ ရခိုင်‌ဒေသအတွက် လက်ရှိ စီမံကိန်းကိစ္စအ‌ပေါ် စိတ်ပါဝင်စားကြတယ်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်‌ဆောင်ချက်မှာ ပြည်သူ‌တွေ အတွက် ခံစားခွင့်နဲ့ ထိခိုက်နစ်နာမှု‌တွေကို ‌ဆွေး‌နွေးတယ်။ နှိုင်းယှဉ်ကြည့်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောက်ဖြူစီမံကိန်းမှာ ‌ရွှေဂက်စ်စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်လျှက်ရှိ‌ကြောင်းနှင့် ‌ရွှေဂက်စ်‌ကြောင့် လူထု၏ လယ်‌မြေသိမ်းခံရမှု၊ အလုပ်သမားများအတွက် အလုပ်လက်မဲ့ ပြဿနာအပြင် ခွဲခြားဆက်ဆံခံရမှုများလည်း ရင်ဆိုင်‌နေရ‌ကြောင်း သူမက ဆက်လက်‌ပြောဆို သည်။

“ဆုံးရှုံးသွားတဲ့ ‌ဒေသခံ‌တွေရဲ့ လယ်ယာ‌မြေ၊ ဥယျာဉ်ခြံ‌တွေကိုလည်း ဘာမှ ‌လျှော်‌ကြေး‌ပေးတာ‌တွေ မရှိဘူး။ ‌ဒေသခံလူထုအတွက် အကျိုးမရှိဘဲ ဆိုးကျိုး‌တွေ၊ နစ်နာဆုံးရှုံးမှု‌တွေကိုသာ ‌ပေး‌နေတဲ့ လက်ရှိ လုပ်‌ဆောင်‌နေတဲ့ ဒီလုပ်ငန်း‌တွေကို ကန့်ကွက်ကြဖို့သာ သ‌ဘော ထား ရှိကြတယ်”ဟု မာမာ‌ကျော်‌ဇောက ဆိုသည်။

‌ကျောက်ဖြူ ‌ရေနက်ဆိပ်ကမ်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်းတို့နှင့် ဆက်စပ်‌နေ‌သော ‌ရေနံသို‌လှောင်ကန် တည်‌ဆောက်‌ရေးစီမံကိန်း၊ သဘာ ဝဓာတ်‌ငွေ့ သို‌လှောင်မယ့်‌နေရာ၊ ဓာတ်‌ငွေ့သန့်စင်စက်ရုံ စီမံကိန်း စသည့်လုပ်ငန်းခွင်များကို ပြည်တွင်းမှ ‌အေးရှား‌ဝေါလ်၊ သန္တာနဂါး၊ မြန်မာ့‌ရွှေသရဖူ၊ 7-Star, PSC, Myint and Association နှင့် တရုတ်နိုင်ငံမှ တရုတ်အမျိုးသား‌ရေနံ‌ကော်ပို‌ရေးရှင်း (China National Petroleum Corporation-CNPC)ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများ၊ ကိုရီးယားပိုင် ‌ဒေဝူး၊ ဟွန်ဒိုင်းနှင့် အိန္ဒိယကုမ္ပဏီ စသည့်ကုမ္ပဏီများက တည်‌ဆောက်‌ရေး လုပ်ငန်းကို ပူး‌ပေါင်းလုပ်‌ဆောင်‌နေကြခြင်း ဖြစ်သည်။

‌ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်းစီမံကိန်းကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ နှင့် တရုတ်အစိုးရတို့ ပူး‌ပေါင်းပြီး ၂၀၁ဝခုနှစ်က စတင် ‌ဆောက်လုပ်ခဲ့‌ကြောင်း ပြည်တွင်းသတင်း‌ဖော်ပြချက်များအရ သိရသည်။

‌ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ‌ကျောက်ဖြူမြို့ မ‌ဒေးကျွန်းနှင့် ကု‌ဋေချီကျွန်းတို့တွင် တည်ရှိပြီး ‌ပေ ၁၀၀ဝအထက် ကုန်တင်သ‌ဘေင်္ာကြီးများ ဝင်ထွက်သွားလာနိုင်‌သော ကုန်စည်တင်ပို့နိုင်သည့် ‌ရေနက်ဆိပ်ကမ်း အမျိုးအစားဖြစ်ပြီး လက်ရှိ အစိုးရက မြန်မာ့ကမ်းရိုးတန်းတ‌လျှောက်၌ ‌ကျောက်ဖြူ အပါအဝင် ထားဝယ်၊ ဘုတ်ပြင်းနှင့် ကုလားဂုတ် ‌ရေနက်ဆိပ်ကမ်း စီမံကိန်းများကို စီစဉ် ‌ဆောင်ရွက်လျှက်ရှိသည်။