မေလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၈ရပ်ကွက်တွင် လမ်းမှူး(လမ်းတာဝန်ခံ)က အိမ်ရှင် နှင့် အိမ်ငှားများအားတရားမဝင် ငွေကောက်ခံလျှက်ရှိကြောင်း ၎င်းရပ်ကွက်ရှိအင်ကြင်းလမ်း၌ နေထိုင်သူများက ပြောသည်။
ယခုလ မေ ၂၂ရက်က ဧည့်စာရင်းတိုင်ရန်အတွက် လမ်းမှူး ဒေါ်ဝင်းကြည်က အိမ်ရှင်တစ်ဦးလျှင် ၃,၀၀ဝကျပ်နှင့် အိမ်ငှားသူတစ်ဦးလျှင် ၃,၀၀ဝကျပ် တောင်းခံခဲ့ကြောင်းကို ၈ရက်ကွက်တွင် နေထိုင်သူ အိမ်ရှင်အမျိုးသမီးတဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ကျမက အိမ်ရှင်ပါ။ အခြားရပ်ကွက်တွေမှာ ငွေမပေးရဘူးပြောတော့ လမ်းမှူး ဒေါ်ဝင်းကြည်က ဟောက်ပြီး မလုပ်ချင်နေလို့ ပြောပါတယ်။ ဒါနဲ့ ကိုယ့်အိမ်ငှားတွေ ပြဿနာ မဖြစ်စေချင်တာနဲ့ ၆,၀၀ဝကျပ် ပေးခဲ့ပါတယ်။”ဟု ၎င်းက ပြောဆိုသည်။
ဒေါ်ဝင်းကြည်သည် အိမ်ရောင်းအိမ်ဝယ်လုပ်ပါကလည်း ရောင်းသူ သို့မဟုတ် ဝယ်သူ နှစ်ဦးစလုံးထံမှ ကျပ်ငွေ တစ်သောင်းစီ တောင်းခံ လျှက်ရှိကြောင်း ထိုရပ်ကွက်နေ လူထုများ၏ ပြောပြချက်အရ သိရသည်။
၈ရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးကလည်း “ကျနော်တို့ ရပ်ကွက်မှာ လမ်းမှူးတွေက ဒေါ်ဝင်းကြည်မှ မဟုတ်ဘူး။ အဲဒီလိုပဲ ငွေတောင်းတာ လုပ်ကြတယ်။”ဟု ဆက်ပြောသည်။
ဒဂုံမြောက် ၃၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက “ဒါဟာ စစ်အစိုးရလက်ထက်က လုပ်ခဲ့ကြတဲ့ဟာပါ။ အခု ဒီလိုမျိုးတောင်းတာကို အထက်ကို စာတင်ပြီး တိုင်လို့ရပါတယ်။ နာမည်၊ ရပ်ကွက်၊ လမ်း၊ ဖြစ်တဲ့နေ့တွေကို တိတိကျကျ မှတ်ပြီးတော့ တိုင်နိုင်ပါတယ်။”ဟု ရှင်းပြသည်။
ရပ်ကွက်လူထုများထံ တရားမဝင် ငွေကောက်ခံမှုနှင့် ပတ်သက်၍ ၈ရပ်ကွက် အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရုံးစာရေးတစ်ဦး က ၎င်းတို့အနေဖြင့် ထိုသို့ ကောက်ခံခွင့် မပေးထားကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း ၈ရပ်ကွက်သည် လက်လုပ်လက်စား အများစုနေထိုင်ပြီး အစိုးရဝန်ထမ်းဦးရေ အနည်းငယ်သာ နေထိုင်သော ရပ်ကွက်ဖြစ်သည်။


















