(တူမောင်ညို)
၂၀၁၁၊ ဇွန် ၁၆ရက်
နိုင်ငံရေးအရ အခြေခံကျကျ ဖြေရှင်းမှုနဲ့ ပြေလည်မှုတွေ မရရှိခဲ့ဘူးဆိုတာကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အ ထင်အရှား သက်သေပြနေပါတယ်။
ဇွန်လ(၉)ရက်နေ့ကနေ ဇွန်လ ၁၆ရက်နေ့အထိ ရက်သတ္တပတ်ခန့်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ကျနော့် မိတ်ဆွေနဲ့ ကျနော် ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးချက်တွေကို မိတ်ဆွေတို့လည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် တင်ပြလိုက်ပါတယ်။
(ကျနော်) မနောမြေက ထွက်ပေါ်လာနေတဲ့ သေနတ်သံတွေနဲ့ပတ်သက်လို့ ခင်ဗျားထင်မြင်ချက်ပြောပါဦး။
(မိတ်ဆွေ) အခိုင်အမာ ကောက်ချက်တစ်ခုချဖို့အထိတော့ အချိန်နဲနဲစောနေလိမ့်ဦးမယ်ဗျ။ ဦးသိန်းစိန်အစိုးရက ဇွန်လ ၉ရက်နေ့က နေ ဒီနေ့အထိ ဘာမှထုတ်ဖေါ်မပြောသေးဘူး၊ ရေငုံနေတယ်။ ကန့်လန့်ကာ နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီးတွေက ဘာမှမပြောခိုင်းသေး ဘူးနဲ့ တူတယ်ဗျ။ သတိပြုမိတဲ့ ထူးခြားချက်ကလေးတွေနဲ့ ဖြစ်နိုင်ခြေကို ခင်ဗျားနဲ့ကျနော် အပြန်အလှန် အမြင်ဖလှယ်ကြတာပေါ့။ မဟုတ် ဘူးလား။
(ကျနော်) ဘယ်လိုထူးခြားချက်တွေကို ခင်ဗျား သတိပြုမိလို့လဲဗျ။ နောက်ဆုံးတော့ သေနတ်နဲ့ဖြေရှင်းတာပဲလေ။ ဒါကလည်း (KIO) တစ်ခု ထဲကို ကွက်ပြီးဖြေရှင်းတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။
နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေးကို လက်မခံနိုင်သေးတဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကိုပါ လက်တွေ့ပြလိုက်တဲ့ ပြဿနာပဲ မဟုတ် လား။ ကရင်ပြည်နယ်မှာလည်း သေနတ်နဲ့ဖြေရှင်းနေတယ်။ ရှမ်းပြည်နယ်မှာလည်း သေနတ်နဲ့ပဲ ဖြေရှင်းနေတယ်လေဗျာ။ အခုလည်း (KIO) စခန်းကို အမြောက်ကြီးတွေနဲ့အချက် ၁၀၀ဝ ကျော်လောက်ပစ်ခတ်ပြီး သိမ်းယူသွားတယ်မဟုတ်လား။
အမြောက်ပစ်အားသုံးရတယ်ဆိုတာကလည်း သူတို့စစ်သားတွေရဲ့ တိုက်စိတ်ခိုက်စိတ် အခြေအနေသိလို့နဲ့တူတယ်ဗျ။ ဒီအချက်ကို (KIA) ဘက်ကလည်း ရိပ်စားမိပုံရတယ်။ “မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များသို့ အသိပေးကြေညာချက်”ဆိုတာ ထုတ်ပြန်ထားတယ်တဲ့ဗျ။
(မိတ်ဆွေ) ဒါလည်းထူးခြားမှုတစ်ခုပေါ့ဗျာ။ နောက်ဆုံးမှာသေနတ်နဲ့ပဲ ဖြေရှင်းတယ်ဆိုတဲ့ ခင်ဗျားဆွေးနွေးချက်ကို ကျနော် မငြင်း ပယ်ပါဘူး။
ထောင်ထဲမှာဆန္ဒပြတာကိုလည်း အကြမ်းဖက်ဖြေရှင်းတာပဲ။ လမ်းမပေါ်မှာဆန္ဒပြရင်လည်း အကြမ်းဖက်ဖြေရှင်းတာပဲလေ။ မဟုတ်ဘူးလား။
အခုပြဿနာမှာ သတိပြုမိတာလေးတွေ တချို့တော့ရှိတယ်။ ကာယကံရှင်ဖြစ်တဲ့(KIO)က ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေတာပဲဗျ။ သူ့ ဘက်က အတတ်နိုင်ဆုံး “ငြိမ်းချမ်းရေး”ပျက်ပြားမှာကို လိုလားပုံမရဘူး။ မတတ်သာတဲ့အဆုံးမှာ “ငြိမ်းချမ်းရေး”ပျက်ခဲ့ရင်လည်း သူ့ဘက်က အလွန်မဖြစ်ချင်တဲ့ပုံစံကို အထင်အရှား တွေ့ရတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ အဓိကကျတဲ့ အင်အားစုတွေဘက် ကလည်း အရင်အခြေအနေတွေတုန်းကလို ကြေညာချက် တွေထုတ်ပြီး ထင်မြင်ချက်ပေးတာ၊ ကန့်ကွက်ပြောဆိုတာတွေ မတွေ့ရဘူးဗျ။ အထူးသဖြင့် တိုင်းရင်းသားတပ်ပေါင်းစုတွေကတောင် ဒီကိစ္စအပေါ် တိတိလင်းလင်း ထုတ်ဖေါ်ပြောဆိုတာမျိုး ကျနော်ဖြင့် မကြားမိသေးဘူး ဗျ။ လူပုဂ္ဂိုလ်တစ်ဦးချင်း ပြောတာဆိုတာတွေတော့ ရှိပါတယ်။
ဒါ့အပြင် “ငြိမ်းချမ်းရေး” အကျိုးတော်ဆောင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေကလည်း အခုကိစ္စမှာ ဝင်ရောက်ပြောဆိုတာလည်း မကြားမိဘူးဗျ။ ပြည် ပရောက် ကချင်အမျိုးသားအသင်းအဖွဲ့တွေက ပြောတာဆိုတာတော့ ရှိပါတယ်။
နိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေကလည်းနေနိုင်တာဗျာ။ ဘာမှမပြောကြဘူး။
(ကျနော်) လက်တွေ့မှာတော့ဗျ။ (KIO)ဘက်က ဆန်ဂန်ဒေသ ဘွမ်ဆဲန် (Bum Sen) အခိုင်အမာ တပ်စခန်း လက်လွှတ်လိုက်ရ တယ် မဟုတ်လား။ ၂ဖက် သေကျေဒဏ်ရာရမှုတွေရှိတယ်မဟုတ်လား။ စစ်မက်ဘေးကနေ လွတ်ရာပြေးကြရတဲ့ ဒေသခံ ပြည်သူတွေအ ရေးလည်း ရှိလာတယ် မဟုတ်လား။ မိုးတွင်းကြီးလေဗျာ။ ဘေးလွတ်ရာ ပြေးကြရတဲ့ ဒေသခံပြည်သူတွေ နေရေးထိုင်ရေး ဘယ်လောက်ခက် ခဲမလဲဗျ။
(မိတ်ဆွေ) ပန်းနဲ့ပေါက်ကြတာမဟုတ်ဘူးလေ။ နှလုံးသားစစ်ဆင်ရေးမဟုတ်ဘူးဗျ။
သေနတ်ကိုင်ပြီး “သူသေကိုယ်ရှင်” စစ်ခင်းတာဗျ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ စစ်တိုက်ကြရပြီဆိုရင် အဲလို ပြဿနာတွေ ကြုံရမှာဘဲ။ အဲဒီလို ကြေကွဲစရာပြဿနာတွေ ခဏခဏ မကြုံတွေ့ချင်ရင်တော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ထိ ထိရောက်ရောက် ဖြေရှင်းနိုင်ဖို့လိုတယ်ဗျ။
(ကျနော်) စစ်ကိုလူထုနည်းနဲ့တားလို့မရဘူးလားဗျ။ ကျနော်ဆိုလိုချင်တာစစ်ကိုုလူထုနည်းနဲ့တားဖို့ အဆုံးသတ်ဖို့ ပြောတာပါ။
(မိတ်ဆွေ) စစ်ကို လူထုနည်းနဲ့ တားလို့ရတာပေါ့။ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတစ်ရပ်လုံးက “စစ်ကိုတားဆီးမယ်”ဆိုတဲ့ သံဓိ ဋ္ဌာန်ကို ကိုင်စွဲပြီး လက်တွေ့လှုပ်ရှားမှုထဲ ပါဝင်လာတဲ့အခါမျိုးမှာ စစ်ကို တားဆီးနိုင်လိမ့်မယ်၊ ဆန့်ကျင်ကန့်ကွက်နိုင်ပါလိမ့်မယ်။ အခုတော့ လူထုက စစ်ကို တားဆီးနိုင်တဲ့အဆင့် မရောက်သေးဘူးနဲ့ တူတယ်။ ဘယ်အဖွဲ့အစည်းကမှလည်း စစ်တားဆီးရေးအတွက် တစ်စိုက်မတ်မတ် စည်းရုံးလှုံ့ဆော်နေတာ မတွေ့ရသေးဘူးဗျ။
(ကျနော်) ဒါဆို အခု လောလောဆယ် ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဗျ။
(မိတ်ဆွေ) ဒီပြဿနာက နိုင်ငံရေးပြဿနာရဲ့ အဆက်ဗျ။ ဒီတော့ နိုင်ငံရေးပြဿနာကို အရင်းအမြစ်ကျကျ ဖြေရှင်းမှသာ ပြီးပြတ် ပြေလည်မှုကို ရရှိနိုင်မှာဖြစ်တယ်။ အဲလိုမှ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဖွဲမီးလိုတငွေ့တငွေ့ လှိုက်စားလောင်မြိုက်နေမှာ ဖြစ်တယ်။ အဲဒီကမှ တဆင့် ဟုန်းကနဲထတောက်တဲ့ အဆင့်ထိ ဖြစ်လာနိုင်တယ်လေ။
နောက်ထပ် ထင်သာမြင်သာ မြင်တွေ့နိုင်တဲ့ အချက်တစ်ခုက ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရုတ်ပြည်က လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပဲဗျ။ ရေရှည်အာမခံချက်ရှိတဲ့ ဖြေရှင်းပြေလည်မှုမျိုးသာ မရရှိခဲ့ရင် တရုတ်အစိုးရအတွက် အရှိုက်ကို လက်သီးနဲ့ အထိုးခံရတာမျိုး ဖြစ်လိမ့်မယ်။
(ကျနော်) ဟုတ်တယ်ဗျ။ တရုတ်သမ္မတကိုယ်တိုင်က နယ်စပ်တည်ငြိမ်ရေးကိစ္စကို အထူးအလေးထားပြီး ထည့်သွင်းပြောဆိုထားတာ ဖြစ် တယ်။ ကချင်လူမျိုးက ကချင်ပြည်နယ်တစ်ခုလုံးမှာ နေထိုင်သလို ရှမ်းပြည်နယ်ထဲမှာ လည်းနေထိုင်တာဗျ။ ဒီတော့ (KIO)က ခုခံစစ်ကို အနှံ့ အပြား ဆင်နွှဲလာခဲ့ရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲကို ဖြတ်သန်းသွားရမယ့်/လုပ်ကိုင်ဆောင်ရွက်ရမယ့် “တရုတ်အကျိုးစီးပွား” ဆိုတာ တွေအတွက် မသေချာ မရေရာမှုတွေ ဖြစ်လာမှာ အမှန်ပဲဗျ။
ဒီအတွက် အာမခံချက်ကို ဦးသိန်းစိန်အစိုးရက ပေးနိုင်ပါ့မလား။
(မိတ်ဆွေ) အဲဒါတွေနဲ့ ရေရှည်ကိုကြည့်ပြီး ဦးသိန်းစိန် အစိုးရဘက်ကလည်း ချိန်ဆနေပုံပဲဗျ။ အဲလိုမှမဟုတ်ဘဲ မိုက်မိုက်ကန်းကန်း ထိုးစစ်တွေ ဆင်လာရင်တော့ မတည်ငြိမ်မှုတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတင် ကွက်ပြီးဖြစ်နေမှာ မဟုတ်တော့ဘဲ။ တပြည်လုံးအ နှံ့ ဖြစ်လာနိုင်စရာရှိတယ်။
ကျနော် ထင်ပါတယ်။ တရုတ်အစိုးရလည်း ဒီကိစ္စဖြေရှင်းရေးမှာ တနည်းနည်းနဲ့ ပါဝင်ပတ်သက်နေပုံရတယ်ဗျ။ သူ့အကျိုးစီးပွားက အများ ကြီးဗျ။
မေလ ၂၇ရက် “တရုတ်-မြန်မာ ပူးတွဲကြေညာချက်”ထဲမှာ နယ်စပ်ကိစ္စတွေကို အချိန်နဲ့ တပြေးညီ ပူးတွဲဖြေရှင်းကြမယ်ဆိုတာ အချက်တစ်ခု အနေနဲ့ ပါတယ်မဟုတ်လား။
(ကျနော်) ဒါဟာ နယ်စပ်ဒေသတည်ငြိမ်ရေးပြဿနာ၊ တရုတ်အကျိုးစီးပွားတွေအတွက် ရေရှည်အာမခံချက်ရရှိရေး သီးသန့်ပြဿ နာ မဟုတ်ဘူး။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြဿနာနဲ့ အမျိုးသားတန်းတူရေး ပြဿနာတွေကို အခြေခံကျကျ ဖြေရှင်းနိုင်မှသာ ရေရှည်တည်ငြိမ်မှု၊ အေး ချမ်းသာယာနဲ့ ဖွံ့ဖြိုးမှုကို ရရှိနိုင်မယ့် နိုင်ငံရေးပြဿနာတွေ ဖြစ်တယ်ဗျ။
(မိတ်ဆွေ) မှန်လိုက်လေဗျာ။ “အဖွဲ့ကြီး ၁၇ဖွဲ့”နဲ့ ရရှိခဲ့ပါတယ်ဆိုတဲ့၊ ဘယ်အစိုးရလက်ထက်မှာမှ မရရှိခဲ့ဖူးတဲ့ “ငြိမ်းချမ်းရေး” ဆို တာရဲ့ အတွင်းသရုပ်ဟာ ပွင့်ကျနေပြီလေ။