Home သတင်း ဖူးခက်က ထိုင်းကျောင်းသူတစ်ဦး အုပ်စုဖွဲ့အနိုင်ကျင့်ခံရသည့်ဖြစ်စဥ် တာဝန်ခံနိုင်ရေး နှုတ်ခမ်းမွှေးအဖွဲ့ စောင့်ကြည့်မည်

ဖူးခက်က ထိုင်းကျောင်းသူတစ်ဦး အုပ်စုဖွဲ့အနိုင်ကျင့်ခံရသည့်ဖြစ်စဥ် တာဝန်ခံနိုင်ရေး နှုတ်ခမ်းမွှေးအဖွဲ့ စောင့်ကြည့်မည်

10
Reference & Photo: Phuket Times

သြဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ချေန်ထလေဝီထီရာကွန်အစိုးရ စာသင်ကျောင်းတွင် မြန်မာကျောင်းသူပါဝင်သောအုပ်စုက ထိုင်းကျောင်းသူတစ်ဦးကို ထိခိုက်ဒဏ်ရာရရှိသည်အထိ အနိုင်ကျင့်ခဲ့မှုဖြစ်စဥ်အတွင်း သက်ဆိုင်သူ တာဝန်ခံနိုင်ရေး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးအဖွဲ့မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၅)ရက်နေ့က အဆိုပါစာသင်ကျောင်း၊ အိမ်သာအတွင်း အသက်(၁၄)နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့၍ မြန်မာကျောင်းသူတစ်ဦးက ရိုက်နှက်ကန်ကျောက် ခဲ့သည့်ဖြစ်စဥ်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ထွက်ပေါ်လာအပြီး လူထုဝေဖန်မှုမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် ကျူးလွန်သူအား ထိုင်းကျောင်းသူ မိသားစုက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသလို အနိုင်ကျင့်မှုဖြစ်စဥ်အတွက် ထိုင်းမျိုးချစ်အဖွဲ့ကိုယ်တိုင် အာဏာပိုင်များနှင့်အတူ ကျောင်းသို့သွားရောက်ခဲ့ကြောင်းလည်း The Phuket Times က ဖော်ပြသည်။

မျိုးချစ်နှုတ်ခမ်းမွှေးအဖွဲ့က ကျောင်းအုပ်ကြီးထံမှ ဖြေရှင်းချက်တောင်းခံဖို့ ဖြစ်ပြီး ထိခိုက်နစ်နာသူ၏ လုံခြုံရေးကိုအလေးထားဆောင်ရွက်ရန်၊ ကျောင်းဝင်းအတွင်း လုံခြုံရေး တိုးမြှင့်ရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်လည်း ကျောင်းတာဝန်ရှိသူများထံ တိုက်တွန်းတောင်းဆိုထားသည်။

Reference & Photo: Phuket Times

ထို့အပြင် ၎င်းတို့အဖွဲ့အနေဖြင့် ကျူးလွန်သူကို တာဝန်ခံစေနိုင်စေရန်နှင့် အမှုတိုးတက်မှုအပေါ် အနီးကပ် စောင့်ကြည့်မည်ဟုဆိုထားပြီး လူမှုကွန်ရက်ပေါ်ရုပ်သံဖိုင်ဖြန့်ဝေခဲ့သည့်အတွက်လည်း နောက်ထပ်ပုဒ်မများဖြင့် ထပ်မံတိုင်ကြားသွားဖွယ်ရှိနေသည်။

ထိခိုက်နစ်နာသူအတွက်မူ လက်ရှိတွင် စိတ်ပိုင်းဆိုင်ရာပြုစုစောင့်ရှောက်မှုများ ပေးအပ်ထားကြောင်း သတင်းများက ဖော်ပြသည်။

“ထိုင်းလူမျိုးများ သည်းမခံပါ” ဟု အဓိပ္ပါယ်ရသော ထိုင်းမျိုးချစ်အဖွဲ့ ၏ခေါင်းဆောင် တေ့အာချီဝက ထိုင်းအစိုးရစာသင်ကျောင်းတွင် မြန်မာကျောင်းသားများ ငြိမ်းချမ်းစွာပညာမသင်ဘဲ ရမ်းကားပြဿနာရှာမှုများ ပြုလုပ်ပါက ဆက်လက်ပညာသင်ခွင့် ပေးသင့်၊ မပေးသင့်ကိုလည်း မေးခွန်းထုတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အစိုးရကျောင်းများတွင် ထိုင်းပညာရေးကိုမြှင့်တင်ရန်အသုံးပြုသည့် အစိုးရဘတ်ဂျက်ငွေများကို မြန်မာပြည်သား ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ မျှဝေသုံးစွဲနေရပြီး ကျောင်းနေအရေအတွက်ကလည်း ပိုမိုများပြားလာသဖြင့် ထိုင်းကလေးများကိုသာ ဦးစားပေးသင့်ကြောင်း နှုတ်ခမ်းမွှေးအဖွဲ့က အကြံပြုထားသည်။