Home သတင်း ကော်သူးလေတည်ဆောက်ရေးတွင် ပါဝင်လိုသည့် ကရင်လူငယ်များကို KILC တတိယအကြိမ် ညီလာခံ အတွက် ဖိတ်ခေါ်

ကော်သူးလေတည်ဆောက်ရေးတွင် ပါဝင်လိုသည့် ကရင်လူငယ်များကို KILC တတိယအကြိမ် ညီလာခံ အတွက် ဖိတ်ခေါ်

11
Photo: KILC

သြဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက် Karen Intergenerational Leadership Conference (KILC) ညီလာခံအတွက် ကရင်လူငယ်ခေါင်းဆောင်များကို ဖိတ်ခေါ်ထားကြောင်း ဦးဆောင်စီစဥ်သူများထံမှ သိရသည်။

ကရင့်တော်လှန်ရေးကို အထောက်အကူပြုရန်နှင့် ကော်သူးလေတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်နှင့် ကျွမ်းကျင်မှုများဖြင့် ပူးပေါင်းပါဝင်လိုသည့် ကရင်လူငယ်များ ပါဝင်လာစေရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီညီလာခံမှာ အရင်မျိုးဆက်နဲ့ အခုလက်ရှိမျိုးဆက်တွေကို တွေ့ဆုံပြီး သမိုင်းအတွေ့အကြုံတွေ ဖြတ်သန်းလာရတဲ့ အခက်အခဲ၊ စိန်ခေါ်ချက်၊ အားသာချက်၊ အားနည်းချက်တွေနဲ့ လက်ရှိလူငယ်တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မျှဝေဖလှယ်ပြီး အတူတကွ လက်တွဲသွားနိုင်ဖို့ ရည်ရွယ်တာပါ” ဟု တွေ့ဆုံပွဲကို ဦးဆောင်ပါဝင်သူ စောလယ်နယ်က ပြောသည်။

ယခင်က KILC ညီလာခံတွင် အနာဂတ်ကော်သူးလေတည်ဆောက်ရေးအတွက် အတွေးအခေါ်သစ်များ ဖော်ထုတ်ခြင်း၊ ဦးဆောင်တည်ဆောက်နိုင်ရေးနှင့် ကရင်အမျိုးသားရေးလုပ်ငန်းစဉ်များတွင် လက်ရှိခေါင်းဆောင်များနှင့် မျိုးဆက်သစ်ခေါင်းဆောင်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြခြင်းရှိသည်။

ဒုတိယအကြိမ် ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့သည့် နော်ဆာသဲက “ ဒီညီလာခံကို တက်ရောက်ခြင်းအားဖြင့် ခေါင်းဆောင်မှုအပိုင်းတွေတင်မကဘဲ ကော်သူးလေ တည်ဆောက်ရေးအတွက် ဘယ်လိုပုံစံ၊ ဘယ်လိုနည်းဗျူဟာတွေနဲ့ ဆွေးနွေးနေကြလဲဆိုတာ အမြင်တွေ ပိုရှင်းလာတယ်။ ကိုယ်တိုင် ဘယ်အပိုင်းမှာ ပါဝင်ရမလဲဆိုတဲ့ လမ်းကြောင်းကိုလည်း ပိုပြီး ကွင်းကွင်းကွက်ကွက် မြင်လာတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စိတ်အားထက်သန်သည့် လူငယ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ညီလာခံ တက်ရောက်လိုသူများအနေဖြင့် ဩဂုတ်လ ၃ ရက်မှ ၃၁ ရက်အထိ လျှောက်လွှာပေးပို့နိုင်ပြီး ရွေးချယ်ခံရသူများကို စက်တင်ဘာလ ၇ ရက်တွင် အသိပေးအကြောင်းကြားမည်ဖြစ်သည်။

KILC ညီလာခံကို ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သည်။

ယခု တတိယအကြိမ် KILC ညီလာခံကိုမူ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကော်သူးလေ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။