Home သတင်း သံလွင်မြစ်ရေမြင့်တက်လာ၍ ဖားအံတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၂၇) ခု ကြိုတင်ပြင်ဆင်

သံလွင်မြစ်ရေမြင့်တက်လာ၍ ဖားအံတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၂၇) ခု ကြိုတင်ပြင်ဆင်

9
Photo: CJ

ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေစတင်ဝင်ရောက်လာသဖြင့် ရေဘေးသင့် ပြည်သူများ ရွှေ့ပြောင်းနေထိုင်နိုင်ရန် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇) ခုကို ကြိုတင် ပြင်ဆင်ထားကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးထံမှ သိရသည်။

မိုးလေဝသဌာနက ဖော်ပြချက်တွင် သံလွင်မြစ်ရေသည် ယနေ့ ဩဂုတ်လ (၁၁) ရက်နေ့ မနက်ပိုင်းတိုင်းတွာချက်အရ ဖားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၈၂ စင်တီမီတာကျော်လွန်ပြီး ၈၃၂ စင်တီမီတာသို့ ရောက်ရှိနေသည်။

ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် ဖားအံမြို့ပေါ် ရပ်ကွက်များတွင် ကယ်ဆယ်ရေးစခန်း (၁၆) ခုနှင့် ကျေးရွာအုပ်စုများတွင် (၁၁) ခု၊ စုစုပေါင်း (၂၇) ခုကို ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်ထားသည်ဟု ဆိုသည်။

လတ်တလော မြစ်ရေအခြေအနေနှင့်ပတ်သက်၍ “မနေ့ညနေကတည်းက ရေတက်နေတာ။ ဆယ်အိမ်စုဘက်က နှစ်တိုင်းလိုလို ရေတက်တယ်။ မိုးကတော့ ပုံမှန်ရွာနေတာပဲ။ အခု ရေတက်လာတာက ချောင်းရေတွေကြောင့်ပါ။ မြေနိမ့်ပိုင်းနေရာတွေကလည်း နှစ်တိုင်း ရေအရင်ဝင်တဲ့နေရာတွေ ဖြစ်တယ်” ဟု ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဖားအံမြို့ရှိ မြေနိမ့်ပိုင်း နေရာ များဖြစ်သည့် ဆယ်အိမ်စုအပါအဝင် ဆယ်ပေလမ်း၊ သုခမေတ္တာလမ်း၊ စေနာလမ်း၊ မေတ္တာလမ်း၊ ဖားအံ အမက (၂) မူလွန်ကျောင်းအနီးနှင့် အောင်နန်းအနောက်ဘက်ခြမ်း စသည့်နေရာများတွင် ရေစတင်ဝင်ရောက်နေပြီ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

Photo: CJ

မြေနိမ့်ပိုင်းနေ အိမ်ထောင်စုများကိုလည်း ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာပါက သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်၍ ကြိုတင်ပြောင်းရွှေ့နိုင်ရန် တိုက်တွန်းထားကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသည့်အဖွဲ့များ ထံမှ သိရသည်။

ဖားအံမြို့က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ရေက ဒီလ ၄ ရက်နေ့ လောက်ကနေ စပြီး နည်းနည်းချင်း ဆက်တက်လာတာ။ အခု စိုးရိမ်ရေအမှတ် တော်တော်လေး ကျော်သွားပြီ။ ရုတ်တရက်ရေတက်လာရင် မြေနိမ့်ပိုင်းက ပြောင်းရွှေ့ရမယ့် အိမ်ထောင်စုတွေ သက်ဆိုင်ရာကို ဆက်သွယ်ပေးဖို့ တိုက်တွန်းထားတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီနှင့် ကြက်ဥ စသည့် အခြေခံစားနပ်ရိက္ခာများကို ကြိုတင်ပြင်ဆင်ထားပြီး ခရိုင်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာသဖြင့် ရွှေဂွန်းကျေးရွာ၊ ရွှေပြည်တော်ရပ်ကွက်အတွင်း ရေဝင်ရောက်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။