မေလ ၁ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
မွန်ပြည်နယ်၊ သထုံမြို့တွင်းတနေရာ၌ လူငယ်ဆိုင်ကယ်နှစ်စီး အချင်းချင်းတိုက်မိသည့် ဖြစ်ရပ်တခု မေလ ၆ရက်နေ့က ဖြစ် ပွားခဲ့ရာတွင် ရဲများက အခွင့်ကောင်းယူ၍ ၎င်းလူငယ်နှစ်ဦးထံမှ ကျပ်ငွေ ၆သိန်း တောင်းခံခဲ့သည်။
ထိုနေ့က ၎င်းလူငယ်နှစ်ဦးမှာ ဆိုင်ကယ်ကို မီးမပြဘဲ စီးလာသဖြင့် နောက်ဘက်မှ အမျိုးသမီး နှစ်ဦး စီးလာသည့်ဆိုင်ကယ်က အရှိန်ဖြင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ထိခိုက်မှုအတွက် ကျေနပ်မှုများ ရရှိရန် အဆိုပါလူငယ်များက နှစ်ဖက်ညှိ နှိုင်းမှုများ ပြုလုပ်ချိန်တွင် အခင်းဖြစ်ပွားရာ နေရာအနီးရှိ အမျိုးသားတဦး၏ ဖုန်းဆက်အကြောင်းကြားမှုကြောင့် ရဲများရောက်ရှိ လာပြီး ငွေညှစ်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အတိုက်ခံရသည့် လူငယ်တစ်ဦးက ယခုလို ပြောသည်။
၎င်းလူငယ်တစ်ဦးက “ဆိုင်ကယ်မောင်းရင် အကွေ့မှာ မီးမပြမိတဲ့အတွက် ဆိုင်ကယ်တစီးက ကျနော့်ဆိုင်ကယ်ကို ဝင်တိုက် တယ်။ ကျနော့်ဘက်က အမှားလုပ်မိသလို ဖြစ်သွားတယ်။ နောက် ကျနော်တို့ အချင်းချင်း ညှိနှိုင်းပြီး ပျက်စီးသွားတဲ့ သူရဲ့ ဆိုင်ကယ်ပြင်ခနဲ့ ဒဏ်ရာရတဲ့ သူတို့ထဲက တယောက်ကို ဆေးဝါးခပေးဖို့ပြောတာ ပြေလည်မှု ရနေပြီ။ ဒါပေမဲ့ ရဲနှစ်ယောက်၊ သုံးယောက်ရောက်လာပြီး ငွေ ၆သိန်းပေးဖို့နဲ့ မပေးရင် ထောင်ထဲထည့်ဖို့ ခြိမ်းခြောက်ပြောတော့တာပဲ။”ဟု ကေအိုင်စီကို ပြော သည်။
အဆိုပါ လူငယ်နှစ်ဦးသည် ဆိုင်ကယ်မောင်းသူမှာ ဘယ်ဖက်ခြေထောက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိခဲ့ပြီး အနောက်မှဝင် တိုက်မိသည့် ဆိုင်ကယ်မောင်းသူ အမျိုးသမီးမှာ နဖူးအနည်းငယ် ဖူးယောင်သွားခဲ့သည်။
ဆိုင်ကယ် Taxi မောင်းသူ လူငယ်တဦးက “ဒါ လုံးဝ မတရားဘူးဗျာ။ တကယ်ဆိုရင် ယာဉ်စည်းကမ်းဖောက်ဖျက်တာတို့၊ လိုင် စင်မဲ့ ဆိုင်ကယ်စီးတာတို့ဆိုရင် အများဆုံး ၅ထောင်ပဲ ပေးရမယ်။ ဒဏ်ငွေမပေးနိုင်ဘဲ တရားရုံးကို ရဲက တင်မယ်ဆိုရင်လည်း အများဆုံးထောင်ထဲမှာ တပတ်လောက်ပဲ နေရမယ်။ အခုက ၆သိန်းဆိုတော့ တခါမှ မကြားဖူးဘူး။ ဒီငွေတန်ဖိုးနဲ့ ရှာဖို့ဆိုတာ မ လွယ်ဘူး။ ကြားမိတော့ တော်တော်ရင်နာဖို့ ကောင်းတယ်။”ဟု ပြောသည်။
ရဲများက ဆိုင်ကယ်အတိုက်ခံရသည့် လူငယ်နှစ်ဦးကို သထုံမြို့ ရဲဌာနအချုပ်ခန်းထဲတွင် ခေတ္တထိန်းသိမ်းထားခဲ့ပြီး ၎င်းတို့ တောင်းခံသည့် ငွေပမာဏကို ပေးဆောင်အပြီး ထိုနေ့ညနေတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
သထုံမြို့တွင် မော်တော်ကား၊ ဆိုင်ကယ်အချင်းချင်းဖြစ်စေ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ် ထိခိုက်မှုဖြစ်စေ မကြာခဏ ဖြစ်ပွား လေ့ရှိရာ မြို့တွင်း၌ တာဝန်ထမ်းဆောင်သည့် ရဲအချို့၏ ငွေညှစ်တောင်းခံမှုများကို အလားတူ မကြာခဏ ကြုံတွေ့ရသည်ဟု မြို့ခံများက ပြောသည်။