ပြည်သူ့အသံ
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်နှင့်ယှဉ်ရင် များစွာ ကွာခြားနေပါတယ်။ မြန်မာ့ပညာ ရေးက အထက်တန်းမှာပဲ အဆင့်မြင့်ပညာရေးစနစ် သတ်မှတ်ထားတာ တက္ကသိုလ်အဆင့် ပညာရေးကတော့ လုံးဝ အဆင့်မမှီပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကရင်ပြည်နယ် ဖားအံတက္ကသိုလ်မှာဆိုရင် အထူးသဖြင့် ဆရာ၊ ဆရာမတွေရဲ့ လာဘ်စားမှု တွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မသမာမှုတွေက ပြည့်နှက်နေတယ်လေ။ ကျောင်းမှန်မှန်မတက်ဘဲ စာမေးပွဲမှာ အောင်မှတ် တောင်မရတဲ့သူတွေက လွတ်လွတ်ကျွတ်ကျွတ် အောင်သွားကြတာ မအံ့ဩဘူးလား။ တချို့ အောင်မှတ် ရလုရခင် ကျောင်းသား တွေတောင် အောင်စာရင်းထွက်တော့ အမှတ်ကောင်းကောင်းနဲ့ အောင်သွားကြတယ်လေ။ တချို့ဆိုရင် တစ်ပတ်မှတစ်ခါပဲ ကျောင်းတက်ပြီး စာမေးပွဲမှာ လက်၊ အကျင်္ီ၊ ဘောင်းဘီတွေထဲ မိုက်ခရိုတွေနဲ့ကပ်ပြီး ခိုးကူးချထားတော့ စာကို အပုဒ်စေ့တောင် ဖြေနိုင်ကြတယ်လေ။
စာမေးပွဲအခန်းဝက ဆရာမတွေကလည်း သေချာမစစ်ဆေးတာလား။ မသိချင်ယောင်ဆောင်တာလားတော့ မသိ။ ကျောင်းသား တွေအတွက်တော့ အခွင့်ထူးပါပဲ။ စာမေးပွဲဖြေပြီးတဲ့အခါကျရင်လည်း ကိုယ်ဖြေမရတဲ့ဘာသာအတွက် သက်ဆိုင်ရာ ဆရာတွေဆီ မှာ အောင်မှတ်ဖြည့်ပေးဖို့ လက်ဆောင်ပစ္စည်းတွေနဲ့ လာဘ်သွားထိုးရသေးတယ်။ တချို့ဆရာတွေဆို လက်ဆောင်တန်ဘိုးကို တောင် သတ်မှတ်ထားတာ။ တချို့က နည်းမသိဘဲလိုက်ကြတော့ ပိုက်ဆံ အလကားကုန်ပြီး အောင်စာရင်းမှာ နာမည်က ပါမလာဘူး။ အချို.ဆရာ၊ ဆရာမတွေက သူတို့သင်ကြားတဲ့ ကျူရှင်တွေမှာ စာမေးပွဲမှာပါနိုင်တဲ့ မေးခွန်းတွေကို ကွက်တိပေးထား တယ်။ ကျူရှင်မတက်သူတွေကိုတော့ မေးခွန်းခက်ခက်မေးမယ်လို့ ခြိမ်းခြောက်ပြောတော့ ကျောင်းသားတွေလည်း ကြောက်အား လန့်အားနဲ့ အပြေးအလွှား ကျူရှင် တက်ရတော့တာပေါ့။ ဒါလည်း ဆရာမတွေအကွက်ပဲလေ။
တချို့ဆရာမတွေဆို သူတို့ကျူရှင်ကိုတက်ဖို့ တပည့်တွေကို လိုက်စုရင်းနဲ့ အချင်းချင်း မတည့်ကြတော့ဘဲ စောင်းမြောင်းပြောကြ သလို ကျူရှင်လခ အဝေမတည့်ဘဲ စကားများကြလို့ တိတ်တိတ်လေး ဖြေရှင်းရတာလည်း ရှိသေးတယ်။ အခုခေတ် တက္ကသိုလ် ကျောင်းသားတွေက ကျောင်းစာကို ပုံမှန်မလုပ်ဘဲ အပျော်ကျူးနေတာပဲ။ စာမေးပွဲနီးမှသာ စာကိုကုန်းကျက်၊ ဆရာမတွေဆီ သွားပြီး စပေါ့တောင်း၊ ဆရာတွေက ဒါပါမယ် ဒါကျက်ဆိုပြီး ဆရာကျင့်ဝတ်တွေ ချိုးဖောက်နေကြတာ။ ပြီးရင် တပည့်တွေကို ဟိုပို့ ခိုင်း၊ ဒီပို့ခိုင်းနဲ့။ သူတို့အလိုမကျရင် အကြောင်းရှာပြီး အပြစ်ပြောတာလည်း ခံရတယ်။ အဆိုးဆုံးကတော့ သူ့တပည့်၊ ငါ့တပည့် ခွဲ ခြားတာပဲ။ ဆရာအချင်းချင်း မတည့်ကြတော့ ကျောင်းသားတွေက ဘယ်သူ့ကို ချဉ်းကပ်ရမှန်း မသိဘဲ အခက်တွေ့နေကြတယ်။ ဆရာ၊ ဆရာမတွေကလည်း ကိုယ့်နဲ့မတည့်တဲ့ ဆရာတွေရဲ့ တပည့်ဆိုရင် စောင်းချိတ်ပြောတယ်။ ဒါ့အပြင် ဂရုတစိုက် မသင်ပေး တော့ ကျောင်းသူကျောင်းသားတွေက ကျောင်းစာကို စိတ်မဝင်စားတော့ဘဲ အတန်းပြေးတာတွေချည်းဖြစ်နေတဲ့ တက္ကသိုလ် ပညာရေးဟာ ဘယ်လောက်ခေတ်မှီတိုးတက်ပြီး ဘယ်လောက် တုန်လှုပ်စရာကောင်းသလဲဆိုတာ ကျောင်းသူတဦးအနေနဲ့ ရင် ဖွင့်ပြောချင်ပါတယ်။
ဖားအံတက္ကသိုလ်ကျောင်းသူ