လကင်္ာဒီပ
စစ်ပြေးဘဝများ
လုံးပါးကြုံဆုံ လူ့ဂုဏ်သိက္ခာ
ပြိုကာသုဉ်း မုန်းစစ်ပွဲကြား
သနားညှာတွေး မင့်ရင်သွေးရေးတွေ
ကျန်းမာရေး ပညာရေး
အရေးတွေခမ်း လမ်းတွေမဲ့
ကမ်းမဲ့ဗေဒါ မရေရာမှုမျိုးနဲ့
ဖုန်းဆိုးထောင်းထ ဘဝမောတွေ
ပျံသင်နေလေဆဲ လမ်းအကွေ့မယ်။
ညစ်ထေးလှတကား
တို့များဘဝ ဆင်းမလှ
နွမ်းလျစွာတည် ရာသီစစ်ပြေးဖြစ်
စစ်ဘေး၊ စစ်ဒဏ်၊ စစ်လက်သံတွေ
မတန်မရာ ယူကာခံရ
ကံဆိုးမမျိုး ငြိုးခံရထင့်
ကစဉ့်ကလျား ပြေးလွှားရှောင်ရင်း
ဖားစည်သံဆိတ် ဒုံးသံတိတ်ခဲ့
အို …. မြေကမ္ဘာရေ
တောတွေ တောင်တွေ လျှိုမြောင်တွေကြား
ငြီးတွားငိုသံ နာကျည်းသံတွေနဲ့
သံစဉ်တွေဝေမြဲ အလွမ်းအတွေ့ဝယ်။
စစ်ခွေးဓားပြများ
ညီသားပြည်သူ မည်သူမသိပါ
သံဃာသင်းခွဲ စစ်ငရဲ
စစ်သရဲတွေအောက် ဒူးထောက်ခိုဝင်
နင် …. ဘဝင်စွဲ၊ ထင်မြင်လွဲရင်း
အချင်းချင်း စစ်တလင်းဆင်လာ
ဓယာလည်းညက်စေ၊ ကြက်လည်းမောစေဓတဲ့
နေဝင်စေမဲ့စကား သတိထားမိရင်
နင် …. ချိန်မှီသာ ပြန်လာပါတော့လား
နှလုံးသားမှာ အပြုံးများစီ
ညီနောင်ချင်းတွေမို့ စောင့်လို့နေချင်ပေ
သံလွင်ရေတွေလည်း မခမ်းသရွေ့ကွယ်။
စစ်အစိုးရ ခေတ်အဆက်ဆက် ယနေ့ထက်တိုင် စစ်ပြေး၍သာနေရသော အိုင်ဒီပီစစ်ပြေးဒုက္ခသည်များ အရေး ဤကဗျာလေးနှင့် မှတ်တမ်းပြုအပ်ပါသည်။