Home သတင်း မြိုင်ကြီးငူသို့ စစ်ရှောင်လာသူများကို ကျပ်သိန်း ၂,၈၀၀ ကျော် ပြည်နယ်စစ်ကောင်စီ ထောက်ပံ့

မြိုင်ကြီးငူသို့ စစ်ရှောင်လာသူများကို ကျပ်သိန်း ၂,၈၀၀ ကျော် ပြည်နယ်စစ်ကောင်စီ ထောက်ပံ့

777
Photo-KSG

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြိုင်ကြီးငူ အထူးဒေသသို့ ကျေးရွာဒေသစုံမှ စစ်ရှောင်လာသူများကို ပြည်နယ်စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မြိုင်ကြီးငူအေးလင်းသာယာကျောက်စာကွင်း၌ သွားရောက်ထောက်ပံ့ခဲ့သည်ဟု သတင်းထုတ် ပြန်ထားသည်။

အဆိုပါ မြိုင်ကြီးငူသို့ ရောက်ရှိလာသည့် စစ်ရှောင် အိမ်ထောင်စု ၂,၈၉၄ စုမှ လူဦးရေစုစုပေါင်း ၁၄,၀၀၃ ဦးကို တစ်ဦးလျင် ကျပ် ၂၀,၀၀၀ စီဖြင့် စုစုပေါင်း ကျပ် ၂၈၀၀.၆ သိန်းကို စစ်ရှောင်များထံ လက်ရောက် ပေးအပ်ခဲ့သည် ဟု သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျခံသုံးစွဲခြင်း ဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီက ပြောသည်။

ယခုလို မြိုင်ကြီးငူ အထူးဒေသသို့ စစ်ရှောင်လာသူများသည် စစ်ကောင်စီ၏ ကမမောင်းမြို့ အခြေစိုက် ခြေမြန် တပ်ရင်း (ခမရ-၄၀၈) က ဖားအံမြို့နယ် ဝဲပျံကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများနေ့စဉ် ပစ်ခတ်နေခြင်းနှင့် ဂျက်လေယာဉ်များဖြင့် ဗုံးကြဲမှုတိုက်ခိုက်နေသည့်အတွက် အနီးရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

“ဒီမှာ လာရှောင်ကြတဲ့ လူတွေတော့ အများ ကြီးပဲ။ ရွာပေါင်းစုံပဲ လာရှောင်ကြတာ။ တချို့ကျတော့ ဘုန်းကြီး ကျောင်းတွေ အမျိုးအိမ်တွေမှာ လိုက်နေကြတယ်။ အခြေအနေပြန်ငြိမ်သွားပေမယ့် စိုးရိမ်နေရသေးတဲ့အတွက် ရွာကို ပြန်မနေရဲသေးဘူး။ နေ့ဘက်လောက်ပဲ ရွာကိုခဏပြန်ကြတယ်” ဟု မြိုင်ကြီးငူသို့ စစ်ရှောင်လာသူ ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းရန်နှင့် အင်အားတိုးချဲ့လာမှုတို့ကြောင့် ဖာပွန်၊ ကမမောင်း၊ ဖားအံတို့နှင့် ထိစပ်နေသည့် သံလွင်မြစ် အနောက်ဖက်ဒေသရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်၊ စားသောက်ရေး အကူအညီများ လိုအပ်နေရကြောင်း သိရသည်။