Home သတင်း စစ်အုပ်စု ထိန်းချုပ်ထားသည့် ကရင်နီ၊ လွိုင်ကော်မြို့တွင် စားသုံးဆီဝယ်ယူမှု ကန့်သတ်ခံရ

စစ်အုပ်စု ထိန်းချုပ်ထားသည့် ကရင်နီ၊ လွိုင်ကော်မြို့တွင် စားသုံးဆီဝယ်ယူမှု ကန့်သတ်ခံရ

11
Photo: Kayah State Government Office

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်ကို စစ်အုပ်စုဝင်ရောက်ထိန်းချုပ်လိုက်ပြီး စက်တင်ဘာလထဲတွင် မြို့ခံများ၏ စားသုံးဆီဝယ်ယူသုံးစွဲမှုကို ရပ်ကွက်အလိုက်အလှည့်ကျစနစ်ဖြင့် ကန့်သတ်အမိန့်ထုတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း လွိုင်ကော်မြို့ခံအချို့က ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံမှ အင်အားအများအပြားသုံးပြီး ပြန်လည်ရယူထားသည့် လွိုင်ကော်မြို့ကို ၂၀၂၅ ခုနှစ်ကတည်းက စစ်အုပ်စုက ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဒေသခံများနေရပ်ပြန်လာရန် နည်းအမျိုးမျိုးသုံး ဖိအားပေးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် မြို့ခံတချို့နေရပ်ပြန်လာကြသော်လည်း စစ်အုပ်စုက မြို့အတွင်းရှိစားသုံးဆီ ဝယ်ယူသုံးစွဲမှုအတွက် ရပ်ကွက်နေတစ်အိမ်လျှင် ဆီတစ်ပိဿာ ကန့်သတ်ထားပြီး ဆီဆိုင်များအထိ ရဲနှင့်စစ်သားများအဖွဲ့လိုက် စစ်ဆေးမှုပြုလုပ်နေသည်ဟု လွိုင်ကော်မြို့ခံများက ပြောသည်။

“သူ့အလှည့်ကျနဲ့ပါ၊ ဥပမာ တစ်ရပ်ကွက် ကို ဘယ်နှစ်အိမ်ပေါ့ ဒီတစ်ရက်စာ အပတ်စဥ်ပေါ့။ ရပ်ကွက်အလိုက် အလှည့်ကျ ဝယ်ရတာ။ တစ်ပတ်ပြည့်ရင် ပထမစခဲ့တဲ့ နေရာ(ရပ်ကွက်)ကပြန်ပြီးဝယ်ပေါ့။ စားသုံးဆီဆိုင်က ငါးဆိုင်ပဲ ရှိတာ။ အဲဒီဆိုင်တွေအထိ လိုက်စစ်တယ်။ အဓိက ရည်ရွယ်ချက်က ရိက္ခာဖြတ်တောက်ချင်တာ” ဟု လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

Photo: Kayah State Government Office

စားသုံးဆီရောင်းချသူများမှာလည်း စစ်အုပ်စုညွှန်ကြားသည့်အတိုင်းသာ ရောင်းချနေရသည့်အပြင် ဝင်ငွေ၊ ထွက်ငွေ စာရင်းများကိုပါ စစ်အုပ်စုထံ တင်ပြရခြင်းရှိသည်ဟု ဆိုသည်။

Myanmar Information Management Unit(MIMU) ၏ စာရင်းများအရ လွိုင်ကော်မြို့ပေါ်တွင် စုစုပေါင်း ရပ်ကွက်(၁၃)ခုရှိသည်။

စစ်ပွဲပဋိပက္ခအတောအတွင်း မြို့ပေါ်နေထိုင်သူအများစုမှာ နေရပ်စွန့်ခွာစစ်ရှောင်ခဲ့ကြရပြီး စစ်အုပ်စုမြို့ကိုထိန်းချုပ်ပြီးချိန်တွင် ရွေးကောက်ပွဲနှင့်ဆက်စပ်၍ ဖိအားပေးမှုအမျိုးမျိုးလုပ်ခဲ့ခြင်းကြောင့် တချို့ပြန်လာနေကြသော်လည်း မြို့လူဦးရေ၏တစ်ဝက်ပင်မရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။

ထိုနောက်ပိုင်းတွင် လွိုင်ကော်မြို့ အဝင်အထွက်ဂိတ်များ၌ အမျိုးသားများကို အဓိကထားပြီး စစ်အုပ်စုက ငွေကြေးကောက်ခံမှုရှိနေသလို အတင်းအကြပ် စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် စစ်ဘေးရှောင်အဖြစ်မှ စစ်မှုထမ်းရန် ထပ်မံနေရပ်ရှောင်ရသည့်အခြေအနေများလည်း ဖြစ်ပေါ်မှုရှိခဲ့သည်။