ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ-၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ် ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးရန် ဝင်ရောက်လာသည့် အောင်ဇေယျစစ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု Justice Soldier PDF က ဖေဖော်ဝါရီလ ၂၂ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်နယ်မြေဖြစ်သည့် ရွာသစ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသောကြောင့် ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် တစ်နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သလို စစ်ကောင်စီတပ်သားများထံမှ MA -1 အမျိုးအစား သေနတ်တစ်လက်၊ ခဲယမ်းနှင့် နင်းမိုင်းများအပြင် မူးယစ်ဆေးဝါးတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများတွင် ပြည်သူ့စစ်မှုထမ်းအပတ်စဥ် (၁)မှ သင်တန်းသား များ အများအပြား ပါဝင်မှု ရှိလာ၍ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူနှင့်အတူ လာရောက်ပူးပေါင်း ရပ်တည်ကြရန် Soldier PDF ၏ ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံပူးပေါင်းတပ်ဖွဲ့၊ ကျားနဂါး (Southern Eagle) နှင့် Justice Soldier PDF တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် ၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး ၊ ဖားအံလမ်းပိုင်း တစ်လျှောက် နယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီတပ်နှင့် ပူးပေါင်းစစ်ရေး လှုပ်ရှားသည့် BGF ၊ DKBA တပ်ဖွဲ့များ စစ်ရေးစိုးမိုးမှုရရှိရေး အင်အားရာချီ အသုံးပြု တပ်ဖြန့်လုပ် ဆောင်နေ၍ KNLA မဟာမိတ် PDF ပူးပေါင်း စစ်ကြောင်းများက နေ့စဉ်ကြားဖြတ်တိုက်ခိုက်မှု ဆက်ရှိနေသည်ဟု နယ်မြေသတင်းရင်းမြစ်များထံမှ သိရသည်။



















