ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းဘက်က မြဝတီနယ်စပ်ကုန်သွယ်ရေးပိတ်ထားမှုအပေါ် ပြန်သုံးသပ်ရန် ထိုင်းလုပ်ငန်းရှင်တစ်ဦးက အစိုးရကို တိုက်တွန်းကြောင်း နေရှင်း (The Nation) သတင်း၌ ဖော်ပြထားသည်။
တာခ့်ခရိုင်၊ မဲဆောက်မြို့ ကုန်တင်ကုန်ချဇုန်ရှိ Hayaek Group (ဟိုက်ယက်အုပ်စု)၏ မန်နေးဂျင်းဒါရိုက်တာ အူဒုံစူဆွတ်က နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းများကို ထိန်းသိမ်းရန်နှင့် မြန်မာဘက်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ယခုလို တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းရှင် အူဒုံစူဆွတ်က ၎င်းတို့ကုမ္ပဏီထံမှ နယ်စပ်ကရင်ပြည်နယ်ဘက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်း များကို ဝယ်ယူနေကြောင်း၊ ဝယ်ယူနေသူ တရုတ်ဖောက်သည်များသည်လည်း ဘန်ကောက်၌ တရားဝင် ကုမ္ပဏီများကို ဥပဒေနှင့်အညီ တည်ထောင်ထားသူများ ဖြစ်ကြောင်း ပြောဆိုသည်။
ထို့အပြင် သူ၏ဖောက်သည်များသည် နယ်စပ်ရှိ ကရင်လူမျိုးများထံမှ မြေများငှားရမ်းကာ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသူများ ဖြစ်ကြောင်း၊ မြဝတီ ရွှေကုက္ကိုလ်၌ တရားမဝင်လုပ်ငန်းများရှိသော်လည်း ရာခိုင်နှုန်းနည်းပါးကြောင်း သူက ပြောသည်။
ထို့ကြောင့် တရားမဝင်လုပ်ငန်းများရှိသည့် နယ်မြေများကိုသာ လျှပ်စစ်နှင့် လောင်စာ ဆီများဖြတ်တောက်ရန် အစိုးရသို့ အကြုံပြုလိုပြီး နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းအတွက် ထိုင်းအနေဖြင့် မြန်မာဘက်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုသည် ဟု ၎င်းက ပြောသည်။
၎င်းအပြင် ထိုင်းဘက်က တင်ပို့နေသည့် ကုန်ပစ္စည်း ၉၅ ရာခိုင်နှုန်းခန့်သည် တရုတ်ကုမ္ပဏီများထံမှ ဖြစ်သည်ကို ထိုင်းလုပ်ငန်းရှင်များနှင့် အစိုးရတို့က သတိပြုရန် တိုက်တွန်းလိုသည်ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။



















