ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်း-ကရင်နီ (ကယား) နယ်စပ်ရှိ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ဒုတိယအပတ်မှစ၍ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ တာဝန်ရှိသူများက ပြောဆိုသည်။
ယခုလို စစ်ကောင်စီက နယ်မြေပြန်စိုးမိုးနိုင်ရေးအတွက်ရည်ရွယ်ကာ လက်နက်ကြီးပစ်ခတ်မှုဆက်တိုက် လုပ်ဆောင်လာသည့်အတွက် ဖယ်ခုံ အရှေ့ဘက်ရွာများမှ ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရသည်ဟု KNDF တာဝန်ရှိသူက ယခုလို ပြောသည်။
“စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်း ကနေပြီးတော့ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ ကို ဆက်တိုက်လုပ်ဆောင်လာတယ်။ အဲ့ဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့လည်း အဲ့ဒီဒရုန်းအသံတွေ လက်နက်ကြီး အသံတွေကြားရင် လုံခြုံတဲ့နေရာတွေမှာ နေကြဖို့တိုက်တွန်းခြင်တယ်” ဟု ၎င်းက ပြောသည်။
၎င်းအပြင် ပြီးခဲ့သည့်နိုဝင်ဘာ၂၇ ရက်နေ့တွင် ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၄၂၁) တပ်ရင်းမှ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် တစ်လသား ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း ရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်ရာတွင်လည်း ဓာတုဗုံးများကိုဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ရာ၌ S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့မှစ၍ အသုံးပြု လာကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
၎င်း KNDF တာဝန်ရှိသူက “စစ်ကောင်စီတပ်က၂၀၂၂ ၊ ၂၀၂၃ ခုနှစ်လောက် ကတည်းက ဗုံးသီးတွေနဲ့ ပစ်ချ တာမျိုးတွေ ရှိတယ်။ ပြီးတော့ မီးခိုးဗုံးတွေကို အသုံးပြုလာတာတွေရှိတယ်။ တချို့ဗုံးသီးတွေဆို အငွေ့တွေ ထနေပြီးတော့မှ ရဲဘော်တွေကရှူမိလို့ အော့အန်တာတွေလည်း ရှိခဲ့ဖူးတယ်” ဟု ဖြည့်စွက်ပြောသည်။
စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားသည့် ရှမ်း-ကရင်နီ(ကယား)နယ်စပ်ရှိ ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့နယ်များတွင် နယ်မြေစိုးမိုးနိုင်မှု ပြန်လည်ရရှိရန်အတွက် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှု များကို ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှစ၍ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များ ၏ ပြောဆိုချက်များအရ သိရသည်။



















