Home သတင်း ထိုင်း၏ မြန်မာ့အရေးဆွေးနွေးပွဲတွင် စစ်ကောင်စီပါဝင်မှုသည် အကြပ်အတည်းကို ပိုဆိုးဝါးစေမည်ဟု DMD အဖွဲ့ပြော

ထိုင်း၏ မြန်မာ့အရေးဆွေးနွေးပွဲတွင် စစ်ကောင်စီပါဝင်မှုသည် အကြပ်အတည်းကို ပိုဆိုးဝါးစေမည်ဟု DMD အဖွဲ့ပြော

722
Photo: Social Media

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲတွင် စစ် ကောင်စီ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်းအပေါ် မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ပိုမို ဆိုးဝါးသွားစေမည်ဖြစ်ကြောင်း Defend Myanmar Democracy အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ဝေဖန်လိုက်သည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက်နှင် ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ (Extended Informal Consultation) တွင် မြန်မာ့အိမ်နီးချင်းနိုင်ငံ များနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံမှ ကိုယ်စားလှယ်များအပြင် စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် စစ်အုပ်စုကိုယ်စားလှယ်များ ပါဝင်ခြင်းသည် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေး တရားဝင်မှုကို ပေးအပ်မည်ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ အစစ်အမှန်အစိုးရအပေါ် ထိခိုက်နစ်နာစေ၍၊ အကျပ်အတည်းအား ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိနေကြောင်း Defend Myanmar Democracy အဖွဲ့ ပြောခွင့်ရ နော်အောင်က ယခုလို မှတ်ချက်ပြုသည်။

“အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အုပ်စုကြောင့်ဖြစ်တဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီချင်တယ်ဆိုရင် သူတို့အနေနဲ့ ကျနော်တို့ရဲ့ တရားဝင်အစိုးရနဲ့ ဆက်ဆံဆောင်ရွက်ရပါမယ်။ တိုင်း ပြည်ကို လုယူဖို့ ကြိုးစားနေတဲ့ ရွေးကောက်ခံမဟုတ်တဲ့ လူသတ်ကောင်အစုအဖွဲ့နဲ့ ဆက်ဆံရမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

တရားဝင် အစိုးရဟုဆိုသည်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များဖြင့် အဓိက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာ့အရေး နှင့်ပတ်သက်သည့် နိုင်ငံတကာ၏ ကြားဝင်ဆွေးနွေးမှုများတွင် NUG အစိုးရကိုသာ တွေ့ဆုံ ဆက်ဆံသင့်ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

ထို့အပြင် ယခု ဆွေးနွေးပွဲတွင် မြန်မာပြည်သူများအတွက်ထက် စစ်အုပ်စုကိုပိုပြီး ကူညီပံ့ပိုး နေကြ သည့်နိုင်ငံများက အတူတကွတွေ့ဆုံကြမည်ဖြစ်၍ ပြည်သူလူထုများ၏ အကျိုးစီးပွားအတွက် မဟုတ်သည့်အချက်ပြမှုတစ်ခု ဖြစ်ကြောင်းလည်း နော်အောင်က ထုတ်ပြန်ချက်တွင် ဆက်လက်ပြောဆိုထားသည်။

ဆွေးနွေးပွဲကို အိမ်နီးချင်း တရုတ်၊ အိန္ဒိယလို နိုင်ငံကြီးများအပြင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ လာအို နှင့် အင်ဒိုနီးရှား အစရှိသည့် အာဆီယံနိုင်ငံများပါ ပါဝင်မည်ဖြစ်သည်။ အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်ရေးကို ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံဘက်က ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် အစည်းအဝေးပွဲအတွင်း စစ်အုပ်စုအနေဖြင့် ၎င်းတို့စီစဉ်ထားသည့် အတုအယောင် တရားမ၀င် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်ခြေရှိပြီး ၎င်းကို အစည်းအ၀ေးတက်ရောက်လာသည့် နိုင်ငံများမှ မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်သည့်အခြေအနေ ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိနေ ကြောင်းလည်း Defend Myanmar Democracy က ထောက်ပြထားသည်။

၎င်းအပြင် ဆွေးနွေးပွဲတွင် ပါဝင်လာမည့် နိုင်ငံများမှ အချို့သည် စစ်အုပ်စုအား စစ်လက်နက်များ ရောင်းချပေးခြင်းမှစ၍ နိုင်ငံတကာ ဖိုရမ်များတွင် နိုင်ငံရေးပံ့ပိုးမှုပေးအပ်ခြင်းအထိ အရေးပါသော ထောက်ခံအားပေးမှုများကို ပေးအပ်ထားသည့် နိုင်ငံများပါဝင်နေခြင်းအပေါ်တွင်လည်း ၎င်းအဖွဲ့က ဝေဖန်ထားသည်။

ထိုင်းနိုင်ငံက ဦးဆောင်မည့် အဆိုပါ အလွတ်သဘောဆွေးနွေးပွဲကို ပြီးခဲ့သည့် လအနည်းငယ်ကတည်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများနှင့် နိုင်ငံရေး လေ့လာသုံး သပ်သူများက ထိုဆွေးနွေးပွဲကို စောင့်ကြည့်လေ့လာနေကြကာ ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။