ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများထဲတွင် ပိတ်မိနေသော နိုင်ငံသား ၆ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
အိန္ဒိယသံရုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လိမ်လည်သည့် အလုပ်အကိုင်ဖြင့် ပိတ်မိနေသော အိန္ဒိယနိုင်ငံသား (၆) ဦးကို မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးရန်အတွက် နယ်မြေခံရဲစခန်းသို့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရောက်ခဲ့ရှိခဲ့ပြီဟု ဆိုသည်။
ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိအချိန်ထိ ထိုအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ အိန္ဒိယနိုင်ငံသား (၁၀၁) ဦးကို မြန်မာနိုင်ငံမှ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဟုလည်း အိန္ဒိယသံရုံးက ဆိုသည်။
အဆိုပါ အိန္ဒိယလူမျိုးများသည် မြန်မာလုံခြုံရေးတပ်များမှ လုံးဝလက်လှမ်းမမီနိုင်သော နယ်မြေဖြစ်သည့် မြဝတီဒေသတွင် လှည့်ဖြားခေါ်ဆောင်ခံရခြင်းဖြစ်သည်ဟု The Tribune အိန္ဒိယ သတင်းဌာနက ရေးသား ထားသည်။
ထိုဒေသများမှ အလုပ်အကိုင်ကမ်းလှမ်းမှုများကို သက်ဆိုင်ရာသံရုံးများနှင့်မတိုင်ပင်ဘဲ လက်ခံခြင်းမပြုရန်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ၎င်းတို့ နိုင်ငံသားများကို တိုက်တွန်းထားသည်။



















