Home သတင်း တိုက်ပွဲများကြောင့် တနင်္သာရီတွင် တိမ်းရှောင်ရသူ ၆၈,၀၀၀ ကျော်ရှိလာ

တိုက်ပွဲများကြောင့် တနင်္သာရီတွင် တိမ်းရှောင်ရသူ ၆၈,၀၀၀ ကျော်ရှိလာ

485
Photo: FE5 Tanintharyi

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ နှင့် လက်နက်ကြီးပစ်ခတ်ခံရမှုများကြောင့် နိုဝင်ဘာကုန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ စုစုပေါင်း ၆၈,၀၀၀ ဦးကျော်အထိ ရှိလာပြီးဖြစ်သည်ဟု သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် FE 5 Tanintharyi က ဒီဇင်ဘာ ၁၆ ရက်(ယနေ့)တွင် ထုတ်ပြန်သည်။

ယခုလို စစ်ဘေးရှောင်နေရသူအများစုမှာ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းနှင့် ပုလောမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ဖြစ်ပြီး ပွင့်လင်းရာသီတွင် စစ်ကောင်စီက ရက်ရှည် စစ်ကြောင်း ထိုးမှုများကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက “တိုက်ပွဲငြိမ်နေတဲ့အချိန် စစ်တပ်ကပြန်ပြီး စစ်ကြောင်းထိုးလို့ ပြန်ပြီး စစ်ဘေးရှောင်နေရတဲ့ အခြေအနေဖြစ်တယ်။ လူသာချင်း စာနာထောက်ထားတဲ့ကူညီမှုတွေ အများကြီး လိုအပ်နေတုန်းပဲ။ အကူအညီရနေတယ်ဆိုပေမဲ့ လုံလောက်မှုမရှိသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသခံစစ်ဘေးရှောင်များအနေဖြင့် နီးစပ်ရာ တော၊ တောင်၊ ခြံ၊ ရွာ နှင့် မြို့ပေါ်နေရာများတွင် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်ကြသေးကြောင်း ၎င်းက ဆက်ပြောသည်။

Photo: FE5 Tanintharyi

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တွင်လည်း စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထား၍ စစ်ဘေးရှောင်အများစုအတွက် ဆေးဝါးအပြည့်အဝကုသခွင့်များနှင့် ရိက္ခာလိုအပ်ချက်များလည်း ယနေ့အချိန်ထိ ရှိနေသေးကြောင်း ထားဝယ်အရှေ့တောနယ် ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်သည် ယခင်နှစ်များထက် သိသိသာသာတိုးလာပြီး မြန်မာနိုင်ငံရှိ လူဦးရေ သုံးသန်းခွဲကျော် နေရပ် စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရသလို ၎င်းတို့ထဲတွင် သုံးပုံတစ်ပုံသည် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ် နှစ်ကူးချိန်တွင် လူသားချင်းစာနာ အကူအညီလိုအပ်သူ သန်း ၂၀ ဝန်းကျင်အထိရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး-UNOCHA က ပြောဆိုထားသည်။ ၎င်းထဲမှ ၅ သန်းခွဲသည် အသက်ရှင်နေထိုင်နိုင်ရေးအတွက် အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ (၁.၁)ဘီလီယံ ရံပုံငွေ လိုအပ်နေသည်ဟု UNOCHA က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။