Home သတင်း အနန်းကွင်း စစ်ကောင်စီဗျူဟာစခန်းသို့ စစ်ကူအင်အား ၁၀၀ ကျော် ထပ်မံရောက်ရှိ

အနန်းကွင်း စစ်ကောင်စီဗျူဟာစခန်းသို့ စစ်ကူအင်အား ၁၀၀ ကျော် ထပ်မံရောက်ရှိ

735
Photo: KNLA

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲပြင်းထန်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်းစစ်ဗျူဟာစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံရောက်ရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်ရှိ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်နေ သည်မှာ ရက်သတ္တပတ် သုံးပတ်ကျော်ရှိပြီဟု ဒေသခံများက ပြောသည်။

ထိုဗျူဟာစခန်းမကျရေး မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် -စကခ(၁၉) တပ်ရင်းလက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သော-ခမရ (၅၈၃)၊ ခမရ (၅၈၇)တို့မှ တပ်အင်အား ၁၀၀ ကျော်ဖြင့် စစ်ကူတက်လာရာတွင် ဩဂုတ်လ ၂၉ ရက်၊ ယမန်နေ့ နံနက်က ကြားဖြတ် တိုက်ခိုက်ခံရ၍ ၉ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သေးသည်ဟု မြေပြင်စစ်ရေး တာဝန်ရှိသူထံမှ သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အနန်းကွင်းစစ်ဗျူဟာစခန်းထဲသို့ ခေါ်ဆောင် ဆေးကုသပေးကြကြောင်း KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း (၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ ရေးဘက် တက်လာတဲ့ စစ်ကူတွေပါ။ ကျနော်တို့က ဟိုးတစ်နေ့က ပစ်တယ်၊ မနေ့ကပစ်တယ်၊ ဒီနေ့ လည်း ပစ်တယ်။ ပစ်တာရက်တော်တော်ကြာပြီး ကျနော်တို့ပစ်တဲ့နေရာနဲ့ သူတို့စခန်းနဲ့က မီတာ ၆၀၀ လောက်ရှိတယ်။ သူတို့စခန်းအနီးအထိ လိုက်ပစ်ရတာ။ စောင့်ပြီးပစ်လို့မရဘူး။ သူတို့လေယာဉ်ပျံတွေ တက်လာတော့ ထွက်ပေါက်ရတော့ တချို့စခန်းထဲရောက်သွားတယ်။”ဟု ယမန်နေ့ညက ကေအိုင်စီသို့ ပြောသည်။

Photo: KNLA

စစ်ကူအဖြစ် တက်လာသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှုမထမ်းမနေရအုပ်စုထဲမှ စစ်ထဲရောက်လာသည့် လူငယ်အများစုဖြစ်ကြပြီး အချို့မှာ တိုက်ပွဲအတွေ့အကြုံမရှိသည့်အတွက် ပြန်လည်ပစ်ခတ်မှုပင် မလုပ်နိုင်ကြသည်ကို တွေ့ရှိရကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

အနန်းကွင်းဗျူဟာ စခန်းမကျရေးအတွက် စစ်ကောင်စီဘက်မှ မြေပြင်စစ်ကူအပြင် လေကြောင်း စစ်ကူပါ အပြင်းအထန်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်သည့်အတွက် အနန်းကွင်းကျေးရွာ တစ်ရွာလုံးနီးပါး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သလို အနန်းကွင်းကျေးရွာအနောက်ဖက် ၈မိုင်အကွာရှိ လွှတ်ရှမ်းကျေးရွာတွင် တပ်စွဲထားသည့်တပ်ဖွဲ့ဝင်များအတွက် စစ်ကောင်စီဘက်မှ စစ်ကူ ပစ်ခတ် ပေးသောကြောင့် ကျေးရွာရှိ လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်ကြောင့် အနန်းကွင်းရွာ၊ လွတ်ရှမ်း၊ တညင်၊ သံပရာ၊ ကျောက်ဘီလူး၊ ကျားမီတိုနှင့် ဖာယာစသည့်ကျေးရွာများမှ အရပ်သားထောင်နှင့်ချီတိမ်းရှောင်နေကြသည်ဟု သိရသည်။