Home သတင်း လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်ရှိ အထောက်အပံ့များကို ပိတ်ဆို့အရေးယူရန် Justice for Myanmar တောင်းဆို

လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်ရှိ အထောက်အပံ့များကို ပိတ်ဆို့အရေးယူရန် Justice for Myanmar တောင်းဆို

950
Photo: Planespotters (မြန်မာစစ်တပ်ပိုင် ATR 72-500 (72-212A) အမျိုးအစားလေယာဉ်တစ်စင်းတွေ့ရစဉ်

ဩဂုတ် ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်နေသည့် Justice for Myanmar –JFM အဖွဲ့က စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်မှ အထောက် အပံ့မှန်သမျှကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများအား ဩဂုတ်လ (၂၉)ရက်နေ့က တောင်းဆိုသည်။

မြန်မာပြည်တွင်းရှိ လေကြောင်းတိုက်ခိုက်မှုများ၌ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) အမည်ရ လေယာဥ်များအား စစ်အုပ်စုက ဝယ်ယူအသုံးချနိုင်ရန် ပံ့ပိုးပေးနေသော မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများပါဝင်သည့် ကွန်ရက်ကို ဖော်ထုတ်ပြထားသော ထုတ်ပြန်ချက်တွင် JFM က ဖော်ပြထားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်မှစ၍ ATR လေယာဥ်(၁၀)စီးထက်မနည်းအား မြန်မာစစ်အုပ်စုက ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးနေသည့် ၎င်းကွန်ရက်အတွင်းရှိ ကုမ္ပဏီ၊ လုပ်ငန်းစုများကို နိုင်ငံတကာအစိုးရများအနေဖြင့် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့လုပ်ဆောင်ရန် လိုအပ်ကြောင်း JFM က တောင်းဆိုသည်။

JFM ၏ ပြောခွင့်ရ မရတနာမောင်က “စစ်တပ်က နိုင်ငံအနှံ့အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ဒီလေယာဥ် တွေကိုအသုံးပြုနေတာပါ။ ဒါက အရပ်သားပြည်သူအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးနေ တာလည်းဖြစ်တယ်။ အစိုးရတွေအနေနဲ့ ATR နဲ့ အခြားကုမ္ပဏီတွေကနေ စစ်အုပ်စုရဲ့ လေယာဥ်တွေ အတွက် အပိုပစ္စည်း၊ လေ့ကျင်မှုနဲ့နည်းပညာအကူအညီတွေ ရနေတာကို ဖြတ်တောက်အရေးယူရမှာပါ။” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ဥရောပသမဂ္ဂအနေဖြင့်လည်း ပြင်သစ်နိုင်ငံထုတ် လေယာဥ်များ စစ်အုပ်စု ဝယ်သုံးနိုင်ခြင်းအပေါ် ကန့်သတ်အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သလို စင်ကာပူနိုင်ငံအနေဖြင့်လည်း စစ်ကောင်စီက စစ်ဘက် အရပ်ဘက်သုံးပစ္စည်းများ ရရှိအသုံးပြုနေခြင်းမှ ဖြတ်တောက်ရေး၊ နိုင်ငံပိုင်နက်အတွင်း မြန်မာစစ်တပ်လက်နက်ပွဲစားများအား လုပ်ကိုင်ခွင့်ပြုခြင်းမှ ရပ်တန့်ရေး ပိုမိုလုပ်ဆောင်ရန်လိုကြောင်း ထောက်ပြထားသည်။

တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ချိုးဖောက်မှုအတွက် လက်ရှိချမှတ်ထားသော အရေးယူမှု အစီအမံများ ပိုမိုအားကောင်းစေရန် အသက်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီများကလည်း မြန်မာစစ်လက်နက်ပွဲစားများ၊ စစ်အုပ်စုကိုပံ့ပိုးနေသည့် အရပ်ဘက်လေ ကြောင်းလိုင်းပိုင် စီးပွားရေးလုပ်ငန်းများကိုပါ ရပ်ဆိုင်းသင့်သည်ဟု JFM က ဆိုသည်။

၎င်းကွန်ရက်တွင် ဥရောပသမဂ္ဂနှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများ၊ ပြင်သစ်နိုင်ငံ ATR, Sabena Technics ကုမ္ပဏီ၊ ဩစတေးလျနိုင်ငံ Axis Flight Simulation Systems ကုမ္ပဏီ တို့မှ ၎င်းလေယာဥ်များအတွက် ပြုပြင်၊ သင်တန်းပေးခြင်း၊ စက်ပစ္စည်းရောင်းချပေးခြင်းဖြင့် အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီနှင့်ဆက်နွယ်သည့် 24 Hour Group၊ KT Group၊ Gateway Group၊ Htoo Group ကဲ့သို့ စီးပွားရေးလုပ်ငန်းစုများကလည်း လေယာဥ်ဝယ်ယူ အသုံးပြုသည့်ကဏ္ဍတွင် အဓိကအားဖြင့် ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးဖြစ်စဥ်များအပေါ် စောင့်ကြည့်လေ့လာနေသည့် ဥာဏ်လင်းသစ် သုတေသနအဖွဲ့၏မှတ်တမ်းများအရ စစ်တပ် အာဏာသိမ်းယူထားသည့် (၃)နစ်ကျော်အတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁,၂၉၅) ဦး သေဆုံးခဲ့ပြီး (၁,၆၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။