Home သတင်း ထိုင်းနိုင်ငံ မယ့်ကိုကင်းဘက် RPG ဗုံးသီးကျ၍ ထိုင်းအမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ မယ့်ကိုကင်းဘက် RPG ဗုံးသီးကျ၍ ထိုင်းအမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရ

9
Photo: Thai News

အောက်တိုဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံတိုက်ပွဲမှ ယနေ့၊ အောက်တိုဘာ(၂၉)ရက် မနက်အစောပိုင်းက ပစ်ခတ်လိုက်သည့် RPG အမျိုးအစား ဗုံးသီးတစ်လုံး မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ထိုင်းအမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နယ်စပ်ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေ တပ်မဟာ(၆)၊ မြဝတီ(ရာမတီးမြို့နယ်)တောင်ဘက်၊ မင်းလက်ပံရွာသို့ ပြီးခဲ့သည့် အောက်တိုဘာ(၂၀)ရက်နေ့မှစ၍ တကျော့ပြန်စစ်ကြောင်းထိုးပစ်ခတ်လာသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့် RPG ဗုံးသီးတစ်လုံးမှာ နယ်စပ်သောင်ရင်းမြစ်ကိုဖြတ်ကျော်၍ မယ့်ကိုကင်းကျေးရွာနေ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦး၏ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ရာ ၎င်းအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရွာအုပ်ချုပ်ရေးမှာပါဝင်လုပ်ဆောင်နေသည့်‌ ရွှေ့ပြောင်းမြန်မာတစ်ဦးက ပြောသည်။

“မနက် ၄ နာရီ လောက်မှာ မင်းလက်ပံဘက်မှာ ပစ်နေကြတာ။ ၅ နာရီ လောက်ကျတော့ ရှမ်းမကြီး(ထိုင်းအမျိုးသမီး) နေတဲ့တဲနားကို RPG ဗုံးသီးကျတယ်။ တဲပျက်စီးပြီး သူလည်းလက်နဲ့ လက်ပြင်အောက်မှာ အစတွေထိကုန်တယ်” ဟု မယ့်ကိုကင်းနေ ၎င်းမြန်မာနိုင်ငံသားက ပြောသည်။

Photo: Thai News

ထို့အပြင် ဖြစ်စဥ်ဖြစ်ပွားပြီးနောက် မယ့်ကိုကင်းကျေးရွာနေထိုင်သူများမှာ ကျည်ကွယ်ရာ ရပ်ကွက်အမှတ်(၉)ရှိ ဘုန်းကြီးကျောင်းနေရာ၌ ရှောင်တိမ်းနေကြရသလို ထိုင်းအာဏာပိုင်များကလည်း သောင်ရင်းမြစ်ကမ်းနားတွင် လုံခြုံရေးယူပေးနေကြောင်း သိရသည်။

မဟာဝန်အုပ်စု၊ မယ့်ကိုကင်းရွာနှင့် မျက်နှာချင်းဆိုင်ရှိနေသည့် မင်းလက်ပံတိုက်ပွဲကာလတစ်လျှောက် ရွာအတွင်း လက်နက်ကျည်ကျရောက်မှုမကြာခဏဖြစ်ပွားပြီး ဒေသခံလုံခြုံရေးနှင့်အိုးအိမ်ပျက်စီးနစ်နာမှုများ ရှိခဲ့သည်။ ယင်းကြောင့် အောက်တိုဘာ(၂၇)ရက်နေ့က မယ့်ကိုကင်းရွာသား(၂၀၀) ကျော်သည် နယ်စပ်ဖြတ်ကျော်ကျည်ကျရောက်မှုမှ ကာကွယ်တားဆီးရန်ပါဝင်သော အချက်(၅)ချက်ကို ထိုင်းအာဏာပိုင်များထံ စာပို့၊ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။

အာဏာပိုင်များဘက်က မြန်မာမှကျည်ကျော်မှုအပေါ် တန်ပြန်ပစ်ခတ်သတိပေးရန် လက်နက်တပ်ဆင်စောင့်ကြည့်၊ သတိပေးမှုများပြုလုပ်ခဲ့ခြင်းရှိသော်လည်း ဆန္ဒထုတ်ဖော်မှုအပြီး နှစ်ရက်အကြာ အလားတူဖြစ်စဥ် ထပ်မံဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

လတ်တလောတွင် ဖလူး၊ မင်းလက်ပံလမ်းပိုင်းကို ထိန်းချုပ်ရန် မြဝတီမြို့ စောင့်စစ်အုပ်စု ခြေလျှင်တပ်ရင်း ခလရ-၂၇၅ မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို လေးကေကော်မြို့သစ်ဘက်မှ ဝေါလေလမ်းပိုင်း၊ သဲ‌‌ဖြူချောင်းတောင်ကြောနေရာသို့ စစ်ကြောင်းဝင်လာသည့်အတွက် KNLA မဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

Photo: Thai News