ဩဂုတ် ၃၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ (MNSP AD) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်အင်အား ၂၀ ဦး ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်၊ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ သွားရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ MNSP AD မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ယခုလို ပြောသည်။
“ကျနော်တို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီးတော့မှ သွားရောက်တိုက်ခိုက် ခဲ့တာဖြစ်တယ်။ တပ်တွေက ဘယ်ကတပ်တွေလည်းတော့ မသိဘူး။ သတင်းတွေအရဆိုရင် ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရသွားတယ်။ ကျဆုံးတယ်လို့တော့ မကြားမိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လမိုင်းမြို့အခြေစိုက် အမှတ်-၁၀၆ ခြေလျင် တပ်ရင်းမှ တပ်အင်အား ၅၀ ဝန်းကျင်သည် စစ်ကူအနေဖြင့်ရောက်ရှိလာပြီး မော့ကနင်းရွာသစ်ဘက်ခြမ်းတွင် တပ်စွဲထားပြီး စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ -MNSP AD၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLAနှင့် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု နိုင်ဗညားမွန်က ဆက်ပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီဘက်မှ ကျေးရွာများသို့ ဦးတည်ကာ မြေပြင်မှ စစ်ကြောင်း ထိုးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။



















