ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းနှစ်ကြောင်း အပြိုင်ထိုးလာသည့် စစ်ကောင်စီတပ်များသည် ဒေသခံများကို ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။
လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် အင်အား(၁၀၀)ကျော် တပ်စွဲထားသည့် စစ်ကောင်စီခြေ လျင်တပ်ရင်း(ခလရ-၁၀၄)တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ်လ(၂၈)ရက်နေ့မှ စတင်ပြီး ကျောက်ဆင်ရွာဘက်သို့ စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ တောလမ်းမှ စစ်ကြောင်းတစ်ကြောင်း နှင့် ရွာအတွင်းလမ်းမှ စစ်ကြောင်းတစ်ကြောင်းခွဲကာ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းဒေသခံက “စစ်ကြောင်းက နှစ်ကြောင်းခွဲပြီးထိုးတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေကိုတော့ စစ်ကြောင်းထိုးတဲ့ တစ်လျှောက်လုံးရမ်းပြီး ပစ်ခတ်သွားတယ်။ ဒေသခံတွေကတော့ ဘေးလွတ်တဲ့ နေရာတွေကို ရှောင်ကုန်ကြပြီး။ လူတွေကိုဒိုင်းကာ သဘောမျိုးနဲ့ ဖမ်းဆီးနေတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှ စတင်ပြီး စစ်ကြောင်းထိုးနိုင်ရန်အတွက် အင်အား ဖြည့်တင်းပြီးနောက် ယခုလိုစတင်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။
“မောင်းမကန်ရဲစခန်းတိုက်ခိုက်ရပြီး နောက်ပိုင်းပေါ့ ၊ ရန်သူအင်အားဖြည့်တင်းတာနဲ့ ခလရ ၁၀၄နဲ့ တောမိုးတောင်ကနေ ပြင်ကြီးရွာဖက်ကို လက်နက်ကြီးနဲ့ ရွာထဲပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ပြည်သူ တချို့နဲ့လူနေအိမ်တွေထိခိုက်ပျက်စီးရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်ကတော့ မောင်းမ ကန်ရွာထဲပြည် သူတစ်ဦး သူတို့စစ်ကြောင်း လာချိန်ဖြတ်ပြေးလို့ဆိုပြီး ပစ်သတ်ခဲ့တယ်။”ဟု ရဲဘော်ရှဲဒိုးက ကေအိုင်စီ သို့ပြောသည်။
လက်ရှိတွင်လည်းအဆို စစ်ကောင်စီစစ်ကြောင်းအနေဖြင့် စစ်ကြောင်းထိုးစဉ် လမ်းပိုင်းတစ်လျှောက်တွင် ကျေးရွာရှိ လူငယ်များကို ပစ်မှတ်ထားကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ဆက်ပြောသည်။
၎င်းစစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်ရွာ၊ သဘာ့ဆိပ်ရွာ၊ ပြင်ကြီးရွာ၊ ကရင်ကြီးရွာနှင့် မဲအုံနှောက်ရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများအနေဖြင့် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ယခုလ (၂၂) ရက်နေ့တွင်လည်း သဘော့ဆိပ်ရွာမှ မောင်းမကန်ရွာသို့ စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံအမျိုးသမီးနှင့် အမျိုးသားခုနစ်ဦးကို မောင်းမကန်ရွာတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ရေးသားဖော်ပြချက်များအရ သိရသည်။



















