Home သတင်း ခုခံချေပခွင့်မရဘဲ သတင်းထောက်နှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် Dawei Watch ကန့်ကွက်

ခုခံချေပခွင့်မရဘဲ သတင်းထောက်နှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် Dawei Watch ကန့်ကွက်

466
Photo: Social Media

ဩဂုတ် ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းအတွင်းရှိ သတင်းများကို အဓိက ရေးသားတင်ဆက်နေသော Dawei Watch မီဒီယာမှ သတင်းသမား ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့အား စစ်ကောင်စီက ခုခံချေပခွင့်မပြုဘဲ စစ်ခုံရုံး တင်၍ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်အပေါ် ကန့်ကွက်ကြောင်း ၎င်းမီဒီယာက ဩဂုတ်လ(၂၇)ရက်နေ့ဖြင့် ထုတ်ပြန်ကြေညာသည်။

မြိတ်အခြေစိုက် သတင်းထောက်များဖြစ်သည့် ၎င်းတို့နှစ်ဦးအား စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ(၁၁)ရက်နေ့က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုအောင်ဆန်းဦးကို ထောင် ဒဏ် နှစ်(၂၀)၊ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်းမရှိသော မြိတ်မြို့နယ်ရှိ သတင်းသမားများကို ဖမ်းဆီးပြီး တရားဥပဒေနှင့် အညီ ခုခံကာကွယ်ပိုင်ခွင့်ပေးရမည်ဖြစ်သော်လည်း တရားရုံးတင်စစ်ဆေးခြင်းမရှိ၊ ထောင်ဒဏ် ကျခံရသည့်ပုဒ်မ အသေးစိတ်ကို ဖော်ထုတ်ပြောဆိုခြင်းမရှိ၊ တရားစီရင်ရေးလုပ်ငန်းစဥ်ကို မေးမြန်းခွင့်မပေးဘဲ ယခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ် Dawei Watch အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

“သတင်းသမားတွေကိုမတရားဖမ်းဆီးပြီး ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်တယ်ဆိုတာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေတာကို ပြသနေတာပါ။ သတင်းသမားတွေအနေနဲ့လည်း စစ်အုပ်ချုပ်ရေးနယ်မြေ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပစ်မှတ်ထားခံနေရတာကို သတိထားရမယ်။ ကျန်တဲ့သတင်းသမားတွေ အတွက်လည်း ခြိမ်းခြောက်မှုတစ်လိုဖြစ်စေတယ်” ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက မှတ်ချက်ပေးသည်။

Dawei Watch ၏ ထုတ်ပြန်ချက်အရ သတင်းထောက်(၂)ဦးပိုင်ဆိုင်သော ဖုန်းနှင့်လက်တော့ပ်များကိုပါ တစ်ပါတည်းသိမ်းဆည်း၍ သတင်းရေးသားသည့်ပြစ်မှုကြောင့်ဟုဆိုကာ ဖမ်းဆီးခဲ့သော စစ်ကောင်စီက ၎င်းတို့ကို စစ်ကြောရေးစခန်းသို့ ပို့ဆောင်၍ လေးရက်အကြာ ရိုက်နှက်စစ်ဆေးပြီးနောက် မြိတ်မြို့အကျဥ်းထောင်တွင်း ထိန်းသိမ်းထားခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် အကြမ်းဖက်မှုပုဒ်မများဖြင့် ခန့်မှန်းချေအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ကိုအောင်ဆန်းဦးအားလည်းကောင်း၊ မေလ (၁၅)ရက်နေ့တွင် ကိုမျိုးမြင့်ဦးအား လည်းကောင်း စစ်ကောင်စီက အသီးသီးထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဆိုသည်။

Dawei Watch ၏ သတင်းသမား(၂)ဦးအပါအဝင် သတင်းသမားများအပေါ် စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်း၊ စိတ်တိုင်းကျ ပြစ်ဒဏ်ချမှတ်အရေးယူခြင်းအပေါ် ကန့်ကွက်သလို ထောင်ဒဏ်ချမှတ်ခံထားရသည့် သတင်းထောက်(၂)ဦးကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် ၎င်းသတင်းဌာနက တောင်းဆိုထားသည်။

စစ်တပ်က အာဏာသိမ်းယူထားသည့် (၃)နှစ်ကျော်ကာလအတွင်း ပြည်တွင်း သတင်းများရေးသားဖော်ပြသည့် သတင်းမီဒီယာတိုက် (၁၀)ခုထက်မနည်းကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်များ ရုပ်သိမ်းခဲ့သလို သတင်းသမားများကို ဖမ်းဆီးထောင်ချမှုတို့ကြောင့် သတင်းထောက်များ လွတ်လပ်စွာသတင်းရယူရေးက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ စစ်ကောင်စီ၏ဖမ်းဆီးခံထားရခြင်းမှ ပြန်လည်မလွတ်မြောက် လာသေးသည့် သတင်းထောက် (၅၀)ဦးခန့် ရှိနေသေးသည်။ ၎င်းသတင်းထောက်များ ပြန်လည်လွတ်မြောက်ရေး နိုင်ငံတကာသတင်းမီဒီယာအဖွဲ့များအပါအဝင် ပြည်တွင်းမီဒီယာအသိုင်းအဝိုင်းက စစ်ကောင်စီအား တောင်းဆိုနေသော်လည်း သတင်းသမားများ ဆက်လက်ဖမ်းဆီး အကျဥ်းကျခံနေရဆဲဖြစ်သည်။